အမျိုးအမည်မသိ ယာဉ်ပျံများကို ထောက်လှမ်းဖို့ ပန်းကန်ပြားပျံ အထူးတပ်ဖွဲ့ကို ဖွဲ့စည်း

ဝေဟင်ထဲမှ အမျိုးအမည်မသိ ယာဉ်ပျံများကို ဖော်ထုတ်ဖို့နဲ့ ၄င်းတို့ဟာ ခြိမ်းခြောက်မှုကို ဖြစ်စေနိုင်ခြင်း ရှိ မရှိ စုံစမ်းတဲ့နေရာမှာ အစိုးရကို ကူညီဖို့ ပန်းကန်ပြားပျံ အထူးတပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ပြီလို့ အမေရိကန်ကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ပန်းကန်ပြားပျံ အထူးတပ်ဖွဲ့သည် အထူးအသုံးပြုသော နည်းပညာများဖြင့် ဝေဟင်ထဲမှ အရာဝတ္ထုများကို ထောက်လှမ်းခြင်း၊ အမျိုးအမည်ဖော်ထုတ်ခြင်းနဲ့ စိတ်ဝင်စားအာရုံစိုက်ဖွယ်အဖြစ် သတ်မှတ်ခြင်း၊ လေကြောင်း ပျံသန်းမှုနဲ့ အမျိုးသားလုံခြုံရေးရဲ့ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်မှု တွေကို အကဲဖြတ် လျှော့ချဖို့ အမေရိကန်အစိုးရရဲ့ ကြိုးပမ်းချက်တွေကို ကူညီပေးနိုင်ရေး လေကြောင်းထဲမှ အရာဝတ္ထုများကို အမျိုးအမည်ခွဲခြားခြင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ထပ်တူပြုမှုအဖွဲ့ (AOIMSG) ကို ဖွဲ့စည်းလိုက်ကြောင်း အေဂျင်စီက နိုဝင်ဘာ ၂၃ ရက်မှာ ကြေညာခဲ့ပါတယ်။

ကာကွယ်ရေးနဲ့ ထောက်လှမ်းရေးအရာရှိနဲ့ ဖွဲ့စည်းထားတဲ့ AOIMSG ကောင်စီဟာ အထူးတပ်ဖွဲ့အသစ်ကို ကြီးကြပ်မှာလည်း ဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ ကမ္ဘာ့ဝေဟင်နေရာထဲကို လေကြောင်းကနေ ချီတက်လာတဲ့ အရာဝတ္ထုတွေရဲ့ ကျူးကျော်မှုဟာ လေကြောင်းသွားလာမှုရဲ့ ဘေးကင်းလုံခြုံမှုနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေရဲ့ လုံခြုံရေးစိုးရိမ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ အမျိုးသားလုံခြုံရေး စိန်ခေါ်မှုတွေကိုလည်း ဖြစ်ပေါ်လာစေနိုင်ပါတယ်။” လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တခုတွင် ဖော်ပြထားပါတယ်။

အဲဒီအထူးတပ်ဖွဲ့ဟာ အမေရိကန် ရေတပ်ရဲ့ အမျိုးအမည်မသိသော ဝေဟင်ဖြစ်စဉ် အထူးတပ်ဖွဲ့ရဲ့နေရာကို ဆက်ခံမှာဖြစ်ပါတယ်။ အရင်အဖွဲ့ကတော့ လွန်ခဲ့တဲ့ ၂ နှစ်တာကာလအတွင်း အမျိုးအမည်မသိတဲ့ ယာဉ်ပျံ ၁၄၄ စီးကို စစ်ဆေးနိုင်ခဲ့ကြောင်း ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာရဲ့အဆိုအရ သူတို့အဖွဲ့ဟာ အဲဒီအထဲက အရာဝတ္ထုတစ်ခုကိုသာ အလွန်ကြီးမားသော လေဘောလုံးကြီးလို့ အမျိုးအမည်ခွဲခြားနိုင်ခဲ့ပါတယ်။ တခြားထူးဆန်တဲ့ ယာဉ်ပျံတွေအတွက်တော့ သူတို့တွေဟာ အာကာသထဲကလာတယ်ဆိုတဲ့ သက်သေမျိုး မတွေ့ရှိရကြောင်းနဲ့ သူတို့စုံစမ်းစစ်ဆေးထားတဲ့ ဖြစ်ရပ်အားလုံးနီးပါးကို ရှင်းပြနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ အဲဒီယာဉ်အရာဝတ္ထုတွေဟာ ဘာတွေဖြစ်ကြတယ်၊ ဘယ်ကနေ လာတယ်ဆိုတာကို သေချာမသိပေမယ့် အဲဒီအရာဝတ္ထုတွေဟာ တကယ်ရှိတယ်ဆိုတာတော့ သေချာပြောနိုင်တယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page