ကိုဗစ်ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လက်ပေါ်မှာ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်သလဲ

ကိုဗစ်ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လက်ပေါ်မှာ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်သလဲ?

ဒါအရေးကြီးတဲ့မေးခွန်းဖြစ်ပါတယ်။ ခဏခဏမေးကြတဲ့မေးခွန်းပါ။ လက်ပေါ်မှာဘယ်လောက်ကြာကြာအသက်ရှင်သလဲသိမှ ရောဂါဘယ်လိုကူးလွယ်သလဲသိမှာဖြစ်ပါတယ်။

အရင်တုန်းက အမေရိကန်ကသုသေသနပညာရှင်တွေက အရာဝတ္ထုတွေပေါ်မှာဘယ်လောက်ကြာကြာအသက်ရှင်သလဲစမ်းသပ်ခဲ့ပေမယ့် လူရဲ့အရေပြားပေါ်မှာ မစမ်းသပ်ခဲ့ပါ။ ဆေးပညာကျင့်ဝတ်အရ လူရဲ့အရေပြားပေါ်ကို ရောဂါပိုးတင်ပြီးစမ်းဖို့ မသင့်လို့ဖြစ်ပါတယ်။

ကျနော်တို့ ခြောက်တန်းတုန်းက ဖတ်ဖူးခဲ့တဲ့ Microbes hunters ဆိုတဲ့စာအုပ်ကိုသွားသတိရပါတယ်။ မိုက်ခရိုစကုပ်ကိုစထွင်ခဲ့ကာ ရောဂါပိုးကိုပထမဆုံးစတွေ့ခဲ့တဲ့ Leeuwenhoek တို့၊ Spallanzani တို့သာရှိရင် ကျိန်းသေကိုယ့်အသားပေါ်ကိုယ်တင်ပြီးစမ်းသပ်ကြမှာပါ။

🇯🇵 ဂျပန်နိုင်ငံက Dr Ryohei Hirose ဦးဆောင်တဲ့အဖွဲ့ဟာ လူရဲ့အရေပြားကို autopsies ကယူပြီး စမ်းသပ်ခဲ့ကြပါတယ်။ COVID-19 ဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်နဲ့ တုပ်ကွေး Influenza A ဖြစ်စေတဲ့ ဗိုင်းရပ်စ်တို့ကို နှိုင်းယှဉ်စမ်းသပ်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် SARS-CoV-2 ဟာ လူရဲ့အရေပြားပေါ်မှာ (9.04) နာရီကြာအသက်ရှင်နေနိုင်တာကိုတွေ့ရပါတယ်။ Influenza A ဗိုင်းရပ်စ်ဟာ လူရဲ့အရေပြားပေါ်မှာ (1.82) နာရီကြာအသက်ရှင်နေနိုင်တာကိုတွေ့ရပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် COVID-19 ဟာ Influenza တုပ်ကွေးထက်ပိုပြီးကူးစက်လွယ်နေတာကို တွေ့ရပါတယ်။

ကျနော်တို့ တုပ်ကွေးထက်ပိုပြီး ဂရုစိုက်ကာ မကူးစက်အောင် သတိထားနေရပါတော့မယ်။ အဲ့ဒီစမ်းသပ်မှုမှာ ကိုရိုနာဗိုင်းရပ်စ် SARS-CoV-2 ကို သဘာဝအတိုင်း လူတွေချောင်းဆိုးနှာချေတဲ့ပုံရအောင် လူရဲ့ချွဲအမှုန်နဲ့ရောပေးကာ အရေပြားပေါ်တင်ပေးလိုက်ပါတယ်။

အဲ့လိုတကယ့်ချောင်ဆိုးနှာချေတဲ့ချွဲအမှုန်လို ဖန်တီးပေးလိုက်တာနဲ့ ကိုရိုနာဗိုင်းရပ်စ် SARS-CoV-2 ဟာ သူရှင်သန်ဖို့အဟာရရတဲ့အတွက် (11) နာရီကြာအောင် လူရဲ့အရေပြားပေါ်မှာ အသက်ရှင်တာကိုတွေ့ရပါတယ်။

အဲ့ဒီတော့ကျနော်တို့ ဘာလိုက်နာရမလဲ?

ကိုရိုနာဗိုင်းရပ်စ် SARS-CoV-2 ဟာ လက်ပေါ်မှာ (9 နာရီကနေ 11 နာရီအထိ) အသက်ရှင်နိုင်တဲ့အတွက် ရောဂါပိုးရှိသူရဲ့ လက်နဲ့ထိတွေ့ခဲ့ အဲ့ဒီလောက်ကြာကြာထိတွေ့ခဲ့တဲ့အရာတွေဟာ အများကြီးပါ။ ကျနော်တို့လက်ပေါ်ပါလာရင်၊ အရေပြားပေါ်ကပ်ပါလာရင် (9 နာရီကနေ 11 နာရီအထိ) အသက်ရှင်နေနိုင်ပါတယ်။

အဲ့ဒီတော့ လက်ကိုမကြာခနဆေးဖို့က အရေးကြီးလာပါပြီ။ အရေးကြီးတာက အဲ့ဒီသုသေသနမှာ လက်ကို ethanol 80% ပါတဲ့ hand sanitizer နဲ့ ပိုးသန့်စင်လိုက်တဲ့အခါမှာ 15 စက္ကန့်အတွင်း ဗိုင်းရပ်စ်တွေ သေကုန်တာတွေ့ရပါတယ်။

အဲ့ဒီတော့ လက်ကိုဆပ်ပြာ (သို့မဟုတ်) alcohol 60% ပါတဲ့ hand sanitizer နဲ့ အနည်းဆုံး 20 စက္ကန့်မကြာခနဆေးပေးခြင်းဟာ ထိရောက်သောကာကွယ်မှုတစ်ခုဆိုတာ ပိုပြီးသေချာလာပါတယ်။

ဒီစမ်းသပ်မှုမှာ ရောဂါဖြစ်နိုင်တဲ့ဗိုင်းရပ်စ်ပမာဏကို ထည့်မစဉ်းစားပဲ ရောဂါပိုးရဲ့အသက်ရှင်နိုင်တဲ့အချိန်ကိုပဲ အဓိကသုသေသနပြုခဲ့တာဖြစ်ပါတယ်။ သုသေသနပြုခဲ့တာလည်း နမူနာ 3 ခုပဲသုံးခဲ့တာမို့ စမ်းသပ်မှုအရွယ်အစားက သေးပါတယ်။ နောက်တခုက အခုလို forensic autopsy ကရယူတဲ့ လူ့အရေပြားနဲ့ သက်ရှိလူရဲ့လက်ပေါ်တင်ကြည့်တာက ကွာခြားမှုရှိနိုင်ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် Mask တပ်ခြင်းနဲ့ လက်ကိုမကြာခနအသေအချာဆေးခြင်းဟာ လိုကိုလိုအပ်တယ်ဆိုတာ ထပ်မံ၍အသိပေးလိုက်ပါတယ်ခင်ဗျား။ (Richard Myo Thant)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page