နိုင်ငံတော် အာဏာကို မသိမ်းဘူးလို့ မဆိုလိုကြောင်း တပ်မတော် ရှင်းရှင်းလင်းလင်းပြောကြား

နိုင်ငံတော် အာဏာကို မသိမ်းဘူးလို့ မဆိုလိုကြောင်း တပ်မတော် ရှင်းရှင်းလင်းလင်းပြောကြား

ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သည် နိုင်ငံတော်အာဏာမသိမ်းဘူးဟု မှတ်ယူ၍ရမည်လားဟု မေးမြန်းရာ တပ်မတော်ဘက်က “မရပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့ပါတယ်။

တပ်မတော်အနေဖြင့် ရွေးကောက်ပွဲ မဲစာရင်းကိစ္စနှင့် ပတ်သက်၍ ဖြေရှင်းပေးရန် တောင်းဆိုနေခြင်းဖြစ်ပြီး အမေးရှိပါက အဖြေရှိရမည် ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ခြေ/ဥကို မဆန့်ကျင်သည့် တည်ဆဲဥပဒေအားလုံးကို လိုက်နာဆောင်ရွက် သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

ယင်းအတွက် သတင်းထောက် ၁ ဦးက တပ်မတော်သည် အာဏာမသိမ်းဘူးဟု မှတ်ယူ၍ရမည်လားဟု မေးမြန်းရာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “မရပါဘူး။ ကျနော်တို့ အနေနဲ့ နိုင်ငံတော်တာဝန်ယူမယ်လို့လည်း မပြောဘူး၊ မယူဘူးလို့လည်း မပြောဘူး။ ကျနော်တို့ပြောနိုင်တာ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် လက်ရှိတည်ဆဲဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မဆန့်ကျင်ဘဲ လိုက်နာဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့ပါတယ်။

“တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများကို လိုက်နာသွားမှာဖြစ်ပါတယ်။ ကျနော်တို့် ဒီမိုကရေစီစနစ်ကို မယိမ်းယိုင်စေနိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေအပါ အဝင် တည်ဆဲရေးဥပဒေများကို လေ့လာကြည့်ရင် ပြောနိုင်ပါတယ်။ ကျနော်တို့အနေနဲ့ ပြောချင်တာက ခင်ဗျားကို တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်ကို ယူမယ်လို့လည်းမပြောဘူး၊ မယူဘူးလို့လည်းမပြောဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် လက်ရှိတည်ဆဲဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်ဘဲ လိုက်နာဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုပါတယ်။

မဲစာရင်းမှားယွင်းမှုကိစ္စများနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေရှင်းပေးခြင်းမရှိပါက တပ်မတော်အနေဖြင့် ဥပဒေနှင့် အကျုံးဝင်သည့်ကိစ္စ မှန်သမျှကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုပါသေးတယ်။

ရွေးကောက်ပွဲရလာဒ်ကို တပ်မတော်အနေဖြင့် လက်ခံခြင်း/မခံခြင်းသည် မဲစာရင်းနှင့်ပတ်သက်၍ တာဝန်ရှိသူများက ဖြေရှင်းပေးမှုအပေါ်တွင်မူတည်သည်ဟု ၎င်းက ပြောပါတယ်။ လက်ရှိအချိန်အထိ စိစစ်ပြီးသော အခြေအနေအရ မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၈ သန်းခန့်တွေ့ရှိထားသည်ဟုလည်း ယနေ့တွင် တပ်မတော်က ပြောကြားသွားပါသေးတယ်။

အထက်ပါ တပ်မတော်၏ စွပ်စွဲချက် မဲစာရင်းကိစ္စများနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page