ဧရာဝတီတိုင်းအတွင်း တသောင်းတန် ငွေစက္ကူအတုများ ဆက်တိုက်တွေ့ရှိ (ငွေတုတွေ ပြန်ထွက်နေပြီလား)
ဧရာဝတီတိုင်းအတွင်းမှာ တစ်သောင်းတန် ငွေစက္ကူအတုတွေ ထွက်ပေါ်နေပြီး ငွေပေး ငွေယူတွေ လုပ်ဆောင်ရာမှာ သတိထားလုပ်ဆောင်ကြဖို့ တစ်သောင်းကျပ်တန်အတုတွေနဲ့ လိမ်လည်ခံခဲ့ရသူအချို့က အတွေ့အကြုံတွေကို မျှဝေထားကြတာကို တွေ့ရပါတယ်။
ပုသိမ်မြို့က မီနီမတ် တခုမှာ ဇန်နဝါရီလ ၁၀ ရက်နေ့က ကျပ် ၃ သိန်းဖိုးခန့် ပစ္စည်းတွေကို မှာယူပြီးနောက် Deli ပို့ခိုင်းကာ လမ်းခုလပ်မှာ စောင့်ဆိုင်းရယူပြီး တစ်သောင်းကျပ်တန်အတုတွေနဲ့ ငွေပေးချေတာကို လုပ်ဆောင်ခဲ့တယ်လို့ တစ်သောင်းကျပ်အတုတွေကို လက်ခံရရှိခဲ့တဲ့ မီနီမတ်က သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ တဆင့် မျှဝေထားပါတယ်။
ထို့အပြင် နောက်ဖြစ်ရပ်တခုအနေနဲ့ ပုသိမ်မြို့မှာပဲ ရာခိုင်နှုန်းရယူ ငွေထုတ်ပေးမယ်လို့ဆိုကာ ငွေတစ်သောင်းကျပ်တန်အတုတွေကို ထုတ်ပေးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့သေးတယ်လို့ အမည်မဖော်လိုသူ လိမ်လည်ခံခဲ့ရသူ တစ်ဦးက ပြောပါတယ်။
ငွေတု ဖြစ်စဉ်များ တဖြည်းဖြည်း များလာကြောင်း၊ ရဲကလည်း ဘာမှ အရေးမယူနိုင်ကြောင်း၊ deli ပို့တာနဲ့ ရာခိုင်နှုန်း လဲတဲ့နေရာတွေမှာ အတုတွေကို အများဆုံး ထည့်သုံးကြကြောင်း ပုသိမ်မြို့ခံတဦးက ပြောပါတယ်။