ယနေ့ခေတ် လူငယ်တွေ မသိကြတော့တဲ့ ဦးနေဝင်းခေတ် သမဝါယမဆိုင်များ အကြောင်း

ဦးနေဝင်းတယောက် လက်တည့်စမ်းပြီး လျှောက်လုပ်ခဲ့တဲ့ သမဝါယမဆိုင်တွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ကြုံခဲ့ရသူတွေရဲ့ အတွေ့အကြုံကို ဖော်ပြပေးလိုက်ပါတယ်-

သမဝါယမဆိုင်မှာ ဆီတို့ ဆန်တို့ ပေးတဲ့ နေ့ဆို စည်လိုက်တာမှ အလကားဝေတဲ့အတိုင်းပဲ ။ အလကားပေးတာလားတဲ့ ရပါလိမ့်မယ်အားကြီး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်တာကိုတန်းစီရတယ် စာအုပ်ထပ်ရတယ်။ ဆန်ထုပ်မယ်ဆို ဆန်ကောင်းမကောင်း အရင်ကြည့်ရသေးတယ်။

ဆန်ကောင်းဆိုလို့ အထင်မကြီးလေနဲ့ စပါးလုံးနည်းနည်း ဆန်ကွဲနည်းနည်းပဲပါရင်ကို တော်တော်ကောင်းနေပြီ။ ရွှေဝါဆပ်ပြာ ခွဲတမ်းနဲ့ သကြားခွဲတမ်းနဲ့ ဆီခွဲတမ်းနဲ့။ တစ်နှစ်လောက်မှတခါ ပဒုမ္မာပိတ် နဲ့လုပ်သားပုဆိုးမဲဖောက်။

ပြည်သူ့ဆိုင်လို့သာ နာမည်တွင်တာ စာရေးကအစ အပေါက်စောင့်အဆုံး တရပ်ကွက်လုံးသူတို့လုပ်စာစားနေရသလိုမျိုး ဥက္ကဌတွေ အတွင်းရေးမှူးတွေကဆို ထီမထင်မျက်နှာနဲ့ သကြားနဲ့ဆားကရောသေး ဆန်နဲ့ဆန်ကွဲရော ပြည်တောင်းကိုမပြည့်အောင်ပိန်အောင်ထုထားသေးတယ် ဆီနဲ့ရေနဲ့ရော စာရင်းစစ်ဝင်မယ်ကြားရင် မီးလောင်သေးတယ်။

နို့ဆီဆိုတာ ချိုသလားခါးသလား မသိအောင် အရသာမေ့မှတခါရ၊ ပြောမဆုံးဘူး စိတ်နာလိုက်တာများ ဆိုရှယ်လစ်ခေတ်ကို၊ ဆန်ကောင်းဆို စာရေးမကဖယ်ပြီးသား ပိုးထိုးအကျိုးအကြေက အများအတွက်။ တဦးကိုတစ်လ ဆန် ၆ ပြည်ခွဲတမ်း မိသားစုများရင် ကိုက်တယ်။ ပြန်ပြီးရောင်းလိုက်တယ် အပြင်မှာ ဆန်ကောင်းဝယ်စား ။ ဒူးယားစီးကရက်တဗူး မဲပေါက်ရင်တောင်အလွန်ပျော်ခဲ့ရတာပါ။ အပြင်ကကွမ်းယာဆိုင်ကိုရောင်းပြီး မုန့်ဝယ်စားခဲ့ရတာပါ။

ငစိန်ဆန် ဧည့်မထဆန် ဆန်ကောင်း ( ငကျွဲ ပေါ်ဆန်းမွှေး ) ပဲ စားတတ်သူတွေကတော့ သမဆိုင်ကရတဲ့ သမဆန်(ဆန်ကြမ်း)ကို ပြန်ရောင်းပြီး ဆန်ချောပြန်ဝယ်စားပေါ့။ သမစာအုပ်က တအိမ်ထောင် တအုပ်ပေးထားတာ စာအုပ်အပေါင်ခံစားသူတွေ ခွဲတမ်းဆန် တို့ ဆပ်ပြာ( ရွှေဝါ/ကာဘော်လစ် ) ပြန်ကောက်သူတွေလဲ ရှိရဲ့။

ရေနံဆီပေးတဲ့ ခေတ် တအိမ်ထောင်ကို သုံးပုလင်း နောက်တော့ ၂ ပုလင်း တစ်ပတ်တခါ ထုတ်ပေးခဲ့တာ ခုခေတ်ဆိုယင်တော့ ရေနံဆီဆိုတာ ဘာလဲလို့ဝိုင်းမေး ကြမယ်နဲ့ တူတယ်၊ ၊ အဲဒီခေတ်က ရန်ကုန်မြို့မှာ အသုံးရလွယ် တဲ့ သမဝါယမဆိုင်မှာ တန်းစီတိုးပြီးထုတ်ရတဲ့ ရေနံဆီနဲ့ သုံးတဲ့ ရေနံဆီမီးဖိုပဲသုံးကြတာ့။ အဲဒီခေတ် က လျှပ်စစ်မီးဖို အဲလောက် များများ စားစား တွင်တွင် ကျယ်ကျယ်လည်း မသုံးကြသေးဘူး။ မီးသွေးသုံးကြသူတွေလည်း ရှိသပေါ့ ဘိုကလေးမီးသွေး ဆိုတာနာမည်ကြီးပဲ။ သမဝါယမဆိုင်ကို ရေနံဆီလာပို့တဲ့ ရေနံဆီလှည်း ဆိုတာလည်း ခုခေတ်မြို့ သစ်တွေမှာသုံးနေတဲ့ ရေစည်လှည်းနဲ့ တူတူပါ၊ ပေပါကို တုံးလုံးလှဲပြီး လှည်းပေါ် တင်ထားတာပါ ၊

နိူ့ဆီတစ်ဗူးရတဲ့လ အရမ်းကံကောင်းပါတယ်။ သမီး၂ ယောက်နဲ့အမေ မုဒုံလုံချည်တစ်ကွင်း ဘယ်သူယူမလဲ ဆွေးနွေးရပါတယ်။ အစိုးရဆေးဆိုးပန်းရိုက်စက်ရုံက ဒီတစ်လထုတ်တဲ့ ဒီဇိုင်းတူတွေကို ပဲပြုတ်သည် တက္ကသိုလ်ကျောင်းသူ အရာရှိမ အဖွားကြီး စတဲ့ မိန်းမအားလုံးယိမ်းထွက်သလိုဝတ်ခဲ့ရတယ်။

ဖယောင်းတိုင်နဲ့ဆီတွဲယူရတယ်။ မလိုချင်တာကို လိုချင်တာနဲ့ တွဲယူ ပိုတာ အသုံးမလိုသေးတာကို ပြန်ရောင်းရင် ဝယ်တဲ့ ဈေးသည်ကလည်းဆိုင်ရှေ့မှာပဲရှိတယ်။ စွပ်ကျယ် မဲနှိုက်ရင် အပ်ချိတ်ပဲပေါက်တတ်တယ်။ လူပျိုကြီး က ထဘီမဲပေါက်ပြီး အပျိုကြီးက စွပ်ကျယ်မဲပေါက်တာလဲရှိ။ လူရွှင်တော်တွေနောက်တာ သမဆိုင်မှာအလေးသွေးတယ်။ ပြည်တောင်းထုတယ် ဆားနဲ့သကြားနဲ့ရောတယ်ဆိုတာ မှတ်မိသေးတယ်

နောက်တခု ဆိုရှယ်လစ်ခေတ် ဈေးမဆစ်နဲ့ လိုရင်ဝယ်ထားဈေးမများဘူး မကြိုက်ပြန်ရောင်းဈေးကောင်းရမယ်။ ငါးပြားနှစ်လုံးပရုပ်လုံး။ ငါးပြားနကပ်အပ်ချီကပ်။ တစောင်နှစ်ကျပ်ထီလက်မှတ်။ တစ်အုပ်ပြားငါးဆယ် တောကရွှေဧည့်သည်၊ သာဒင်ဘာထင်သလဲ၊ ထွေးညိုနောက်ဆက်တွဲ။

ဘီအီးဒီစီ ဆိုင်မှာ အရက် တန်းစီသောက်ခဲ့ရတဲ့ ခေတ်။ အရက် ၄ ပက်ထက်ပိုမရောင်းလို့ အဲ့ဒီတုန်းက အရက်ကြောင့် သေတဲ့ သူမရှိသလောက်ရှား။ OP တပက်ပြား ၃၀ ကုန်ထမ်းတဲ့ ဦးလူကလေး အသက် ၅၀ ခန့် မနက် ပြား ၃၀ဘိုးသောက်ပြီးရင် ထမင်းစား နေ့ခင်းပြား ၃၀ဘိုးသောက်ပြီးရင် ထမင်းစား ညနေအလုပ်သိမ်းတော့ ပြား ၆၀ဘိုးသောက် အသက် ၇၀လောက်ထိ ကုန်ထမ်းနိုင်သေးတယ်။

အတိတ်တချိန်က ရန်ကုန်လူနေမှုဘဝ အကြောင်း ဝင်ရောက်ဆွေးနွေး ရေးသားသူများ၏ ကွန်မန့်များကို စုစည်းပြီး ပြန်လည်ပုံဖော်ထားခြင်း ဖြစ်ပါသည်။ မှားယွင်းမှုများ ချွတ်ချော်ခြင်းများရှိခဲ့ပါက နားလည်ခွင့်လွှတ်ပေးကြပါရန် (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page