အနုပညာရှင်တွေ ကွယ်လွန်ရင် ငရဲ ရောက်တယ်ဆိုတာ တကယ်လား?
အနုပညာရှင် ကွယ်လန်ရင် ငရဲကျမယ်ဆိုတာနဲ့ ပတ်သက်လို့- ထီးချိုင့် တည်တောဆရာတော်ကြီးရဲ့ အဖြေကိုသာ ကြိုက်နှစ်သက်ပါတယ်။ ဆရာတော်ကြီးရဲ့အဖြေက အောက်ပါအတိုင်းပါ-
“ကချေသည်အတတ်က မကောင်းဘူး၊ ဘုရားလည်း မကြိုက်ဘူး၊ ကချေသည် လွန်လျှင် ပဟာသငရဲကို ကျတတ်တယ်တဲ့ဘုရား၊ အဲဒီလို ပြောကြတာဟာ ခြိမ်းခြောက်ပြီး ပြောတာလား၊ အမှန်ကို ပြောတာလား မရှင်းလို့ ဆရာတော်ထံ လာရောက်လျှောက်ထားတာပါဘုရား” “မောင်ဇော်ထက် လျှောက်ထားတာနှင့် ပတ်သက်ပြီး သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်၊ တာလပုဋသုတ်ရဲ့ အဆိုကို ဦးစွာ ပြောပြရဦးမယ်”
“ မှန်ပါ၊ မိန့်တော်မူပါဘုရား” “ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်မှာ ဘုရားရှင်သီတင်းသုံးစဉ်ကာလက တာလပုဋအမည်ရတဲ့ဇာတ်ဆရာကြီးက ဘုရားရှင်ထံချဉ်းကပ်ပြီး –
“မြတ်စွာဘုရား . . . ပွဲအလယ်မှာ မှန်တဲ့စကား၊ မမှန်တဲ့စကားတွေပြောဆိုပြီး လူတွေကိုဖျော်ဖြေတဲ့ ကချေသည်ဟာ ကွယ်လွန်ပြီးတဲ့နောက် ပဟာသနတ်ဖြစ်တယ်လို့ ရှေးကချေသည်ကြီးများထံက စကားကို ကြားရဖူးပါတယ်၊ အဲဒီစကားဟာ ဟုတ်ပါသလားဘုရား”လို့ လျှောက်ထားကြတယ်။
ဘုရားရှင်က “ဇာတ်ဆရာကြီး ဒီစကား.. ငါ့ကို မမေးနှင့်” လို့ သုံးကြိမ်အထိ ပယ်ချတော်မူတယ်၊ လေးကြိမ်မြောက် ထပ်လျှောက်တော့ ဘုရားရှင်က – “ဇာတ်ဆရာကြီး . . . ဒီစကား မမေးနှင့်လို့ သင့်ကို တားမြစ်တာ သုံးကြိမ် ရှိပြီ၊ မရဘူး။ သင်ဟာ ထပ်ကာ ထပ်ကာ မေးတယ်။ ထပ်ကာ ထပ်ကာမေးမှတော့ ငါဘုရား ဖြေရတော့မှာပေါ့။ လူတွေဟာ မူလကပင် ရာဂ ဒေါသ မောဟ အခံရှိနေကြတယ်။ မူလရှိနေတဲ့ ရာဂ ဒေါသ မောဟတို့ကို ကချေသည်က ဆွပြိး ပေးတယ်။ မူလက ငြိမ်းနေတဲ့မီးကို တောက်လောင်လာအောင် ဆွပေးသလို ဖြစ်နေတယ်။ ဒါကြောင့် ကချေသည် လွန်လျှင် ပဟာသနတ် ဖြစ်သည်ဟုယူဆခဲ့သသော် ထိုအယူအဆဟာမှားတယ်၊ ထိုအယူအဆနှင့်လွန်လျှင် ငရဲသော်လည်း ကျမယ် တိရစ္ဆာန်သော်လည်း ဖြစ်မယ်လို့ မိန့်တော်မူတယ်။
(တိရိစ္ဆာန်ဟူသည် မောဟများ၍ ဖြစ်ရာဘုံဖြစ်သည်၊ မူလက မောဟဓါတ်ခံရှိသူတို့အား မောဟများအောင် မိမိ ပယောဂပါရှိ လှုံ့ဆာ်သောကြောင့် တူသောအကျိုးပေးရ မောဟဘုံ တိရိစ္ဆာန်ဘုံသို့ ရောက်ရှိရခြင်းဖြစ်သည်)ဒီလို မိန့်တော်မူတော့ တာလပုဋက ငိုသတဲ့။ ဘာကြောင့် ငိုတာလဲ ဆိုတော့ ရှေးကဆရာကြီးများဟာ မဟုတ်တရား လှည့်ဖြားပြောဆိုကြတာကို ယုံမှားမိလို့ ငိုတာပါလို့ ပြန်လျှောက်ပြီး ဘုရားရှင်ထံတော်မှာ သင်္ကန်းဝတ်သွားတော့တယ်။
ယခုပြောခဲ့တာဟာ တာလပုဋသုတ် အကျဉ်းဖြစ်တယ်၊ ဒီသုတ်ထဲမှာ ဘုရားဟောတာကို သေသေချချာ ပြန်ကြည့်ပါ၊ ဘုရားရှင်က ကချေသည် အဖြစ်ဖြင့် တီးမှုတ်ကခုန်တဲ့အတွက် ငရဲကျတယ်လို့ မပြောပါဘူး၊ တီး, ဆို, က အတတ်ဟာ များသော အားဖြင့် ကုသိုလ်ဘက်ကို အားမပေးဘူး။ အကုသိုလ်ဘက်ကို အားပေးတယ်။ အကုသိုလ်ဘက် အလေးသာနေပါလျက် ကုသိုလ်မှုလို့ ယူဆခြင်းဟာ မှားယွင်းတဲ့အယူအဆဖြစ်တယ်။ အဲဒီမှားယွင်းတဲ့အယူအဆကို မိစ္ဆာဒိဋ္ဌိလို့ ခေါ်တယ်။
(မိစ္ဆာ – မှားသော။ ဒိဋ္ဌိ – အမြင်) (သမ္မာ – မှန်သော။ ဒိဋ္ဌိ – အမြင်) အဲဒီမိစ္ဆာဒိဋ္ဌိ အယူအဆကသာ အပါယ်ဘုံကို ပစ်ချခြင်း ဖြစ်တယ်။
လောကမှာ ပါဏာတိပါတာကျူးလွန်မှု၊ သူ့ဥစ္စာခိုးမှု၊ သူ့မယားလွန်ကျူးမှု၊ မုသားပြောမှု၊ သေအရက်သောက်စားမှုတွေဟာ အလွန်ကြီးလေးတော့ အပြစ်တော့မှန်ပါတယ်၊ သို့သော်လည်း ဒီ ပါဏာတိပါတာ၊ သူ့ဥစ္စာခိုးမှု စတဲ့ မကောင်းမှုတွေဟာ အပြစ်မရှိဘူး၊ ကိုယ့်ဝမ်းရေးအတွက် သတ်ခြင်းခိုးခြင်းမျှသာဖြစ်တယ်လို့ ယူဆခဲ့လျှင် အဲဒီမှားယွင်းတဲ့အယူအဆဟာ ပါဏာတိပါတကံ ကျူးလွန်ခြင်း၊ သူ့ဥစ္စာခိုးခြင်းတို့ထက် ပိုလွန်ပြီး အပြစ်ကြီးတယ်။
ဒါကြောင့် သဘင်သည်အမှုဟာ တံငါ၊မုဆိုးများလို ကုသိုလ်မှုတော့ မဟုတ်ဘူး၊ အကုသိုလ်မှုအစစ်လို့သိပါလျက် ခန္ဓာဝန်ရှိနေလို့ ခန္ဓာရဲ့အတွက် ငါလုပ်နေရတာပါလားလို့သိခဲ့လျှင် ဒိဋ္ဌိဂတဝိပ္ပယုတ်အကုသိုလ်မို့ အပြစ်ဟာ အလွန်သက်သာတယ်။ ဒါမှမဟုတ် ငါတို့အလုပ်ဟာ အပြစ်မရှိဘူးလို့ယူဆခဲ့လျှင် အဲဒီအယူဟာ မှားွင်းတဲ့အယူမို့ ဒိဋ္ဌိဂတသမ္ပယုတ် အကုသိုလ်ဖြစ်သွားတယ်။ အဲဒီ ဒိဋ္ဌိဂတသမ္ပယုတ် အကုသိုလ်က ပိုမိုလေးနက်တဲ့ မကောင်းကျိုးကိုပေးတယ်။
ဒါကြောင့် သဘင်သည်တိုင်း ပဟာသငရဲကို မရောက်ပါဘူး။ ငါတို့ အတတ်ဟာလူထုကို ဖြေဖျော်တဲ့အတတ်။ ဒီအတတ်နဲ့ ဖြေဖျော်လို့ ငါတို့အပြစ်မရှိဘူး။ ကုသိုလ်ရတယ်လို့အယူရှိသူများသာ မိစ္ဆာဒိဋ္ဌိကံရဲ့ နှိပ်စက်မှုကြောင့် အပါယ်ကျရခြင်းဖြစ်ပါတယ်။
ဒီလောက်ဆိုလျှင် မောင်ဇော်ထက်ရဲ့အမေး ပြေလောက်ပြီထင်ပါရဲ့။ “မှန်ပါ – ပြေပါပြီ ဘုရား” သာဓု . . . သာဓု . . . သာဓု
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ – အမှတ်စဉ်(၂၀၇)