လူဦးရေ စုစုပေါင်း ၂၀၀၀ ကျော်ပဲ ကျန်ရှိတော့တဲ့ မြန်မာပြည်က အန်းမျိုးနွယ်စုတို့ရဲ့ဒေသ
လူဦးရေ စုစုပေါင်း ၂၀၀၀ ကျော်ပဲ ကျန်ရှိတော့တဲ့ မြန်မာပြည်က အန်းမျိုးနွယ်စုတို့ရဲ့ဒေသ…
အန်းမျိုးနွယ်စုတွေဟာ ကျိုင်းတုံနယ်ထဲမှာပဲတွေ့ရတဲ့ လူနည်းစုဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ရှားပါလူမျိုးထဲက တစ်ခုပါ။ လက်ရှိမှာ လူဦးရေစုစုပေါင်း ၂၀၀၀ ကျော်ပဲ ကျန်ရှိနေတော့တယ်လို့ သိရပါတယ်။
အန်းဆိုတာ ရှမ်းလို ရွှေ့ပြောင်းတယ်လို့ အဓိပ္ပာယ်ရပြီး ဒီလူမျိုးတွေဟာ တောင်ယာခုတ်ရင်း အမဲလိုက်ရင်း ပြောင်းရွှေ့နေထိုင်ကြတဲ့ လူမျိုးတွေပါတဲ့။ ဒီလူမျိုးတွေအကြောင်းကို အင်တာနက်မှာ ရှာကြည့်တာလဲ Data မရှိပါဘူး။ ဒီမျိုးနွယ်ရဲ့ မျိုးရင်းကတော့ ဝ ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အန်းတွေဟာ ကိုယ်ပိုင်ဘာသာစကားရှိပေမယ့် စာပေတော့မရှိပါဘူး။ မြန်မာစကားလည်း နားမလည်ကြ.. မပြောတတ်ကြပါဘူး။ ကျောင်းတက်ပြီး စာတတ်မြောက်သူ အင်မတန်ရှားပြီး ခုချိန်ထိ စာမသင်ကြတဲ့သူတွေ အများကြီးပါ။ တောင်ကြားထဲမှာပဲ နေလေ့ရှိပြီး စပါး၊ ပဲ ၊ ပင်စိမ်းသီးတွေစိုက်ကြပါတယ်။ ဝက်မွေး ခွေးမွေးကြပါတယ်။
ရိုးရာဝတ်စုံတစ်မျိုးတည်းကိုပဲ နေ့တိုင်းဝတ်ဆင်ကြပြီး ကိုယ်တိုင်ပဲ ရက်လုပ်ကြတဲ့ အထည်တွေ၊ အဆင်တံဆာတွေ ဖြစ်ပါတယ်။ သဘာဝဆိုးဆေးဖြစ်တဲ့ သစ်ခေါက် သစ်ရွက်တွေနဲ့ပဲ အဝတ်အထည်တွေကို အရောင်ဆိုးကြပါတယ်။
အန်းတွေဟာ နတ်ကိုးကွယ်ကြပြီး ရွာတစ်ရွာမှာ နတ်ဆရာတစ်ယောက်ရှိပါတယ်။ တစ်နှစ်မှာ နတ်ပူဇော်ပွဲ ၆ ကြိမ်ကျင်းပကြပါတယ်တဲ့။ ကျင်းပတဲ့အချိန်တွေကတော့ စိုက်ပျိုးရေး မစတင်မီ၊ ရိတ်သိမ်းချိန်၊ အမဲလိုက်ထွက်မယ့်အချိန်၊ ဝါဝင်တဲ့အချိန်နဲ့ သင်္ကြန်မတိုင်မီလို့ သိရပါတယ်။ နတ်ကိုးကွယ်တယ်ဆိုတာ သေဆုံးသွားတဲ့ ဘိုးဘေးတွေရဲ့ဝိညာဉ်ကိုခေါ်ပြီး ပူဇော်ပသတာမျိုးလို့ သိရပါတယ်။ မြို့နဲ့နီးတဲ့ တစ်ရွာ နှစ်ရွာလောက်ကသာ ခရစ်ယန်အနည်းငယ်နဲ့ ဗုဒ္ဓဘာသာ အနည်းငယ်ကို ကူးပြောင်းကိုးကွယ်ကြပါတယ်။ မြို့နဲ့နီးတဲ့ ရွာတွေကတော့ ရိုးရာဝတ်စုံကို နေ့စဉ်မဝတ်ကြတော့ပဲ သာမန်အဝတ်အစားပဲ ဝတ်ကြတာတွေ့ရပါတယ်။
အန်းတွေဟာ စာပေတတ်မြောက်ခြင်းမရှိတဲ့အတွက် ကိုယ့်အသက်ကိုယ် သိသူလည်းရှားပါတယ်။ နည်းနည်းအရွယ်ရောက်လာရင် လူမျိုးချင်းပဲ အိမ်ထောင်ပြုကြပါတယ်။ ကလေးလည်း အနည်းဆုံး လေးငါးယောက်လောက် မွေးကြပါတယ်။ အများဆုံးကတော့ ကလေး ခုနစ်ယောက် ရှစ်ယောက်လောက်ရှိကြပါတယ်။ Birth Control အသိပညာလည်း နည်းပါတယ်။
ကိုယ်ပိုင်ဂီတရှိပြီး notes တွေရယ်လို့မရှိပဲ အကြားနဲ့ပဲ သံစဉ်တွေဖန်တီးကြတယ်လို့ပြောပါတယ်။ ကိုယ်တိုင်လုပ် သစ်သားဂစ်တာကို တီးကြတာပါ။
အန်းတွေဟာ သွားကိုအနက်ရောင်ဆိုးကြပါတယ်။ အကြောင်းကတော့ တိရစ္ဆာန်သွားနဲ့ မတူချင်တာကြောင့်လို့ သိရပါတယ်။ တိရစ္ဆာန်နဲ့တူတဲ့သူဟာ လူပျင်းပါတဲ့။ လူငယ်တွေကတော့ မဆိုးကြတော့ပါဘူး။
အချိန်ရတဲ့သူတွေ အန်းလူမျိုးအကြောင်းကို သေချာလေ့လာပြီး စာတမ်းပြုစုထားသင့်ပါတယ်။ သွားကြည့်သင့်တဲ့ နေရာလည်းဖြစ်ပါတယ်။ ကျိုင်းတုံဘက်က တောင်ပေါ်တွေမှာ နေကြပါတယ်။
ခရီးလမ်းကတော့ ဆိုင်ကယ်စီးတာသော်လည်းကောင်း ဝါသနာပါရင် တောင်တက်ပြီးသွားတာသော်လည်းကောင်း သွားလို့ရပါတယ်။ အန်းတွေကတော့ တောင်နှစ်လုံးလောက်ကို လမ်းပဲလျှောက်ကြပါတယ်တဲ့။
The World Of Pinkgold