‘ကိုဗစ် ဖြစ်ရင် ဘာကြောင့် အနံ့အရာသာခံအာရုံ ပျက်ရတာလဲဆိုတာ’ ကို ရှာဖွေတွေ့ရှိခြင်း
ဘာကြောင့်အနံ့ပျောက်လဲ..?
ကိုဗစ် ဖြစ်ရင် ဘာကြောင့် အနံ့အရာသာခံအာရုံပျက်ရတာလဲဆိုတာ ရှာဖွေတွေ့ရှိ။
ကိုဗစ် ဖြစ်ရင် တစ်သက်လုံးအနံ့အရသာအာရုံပျက်သွားနိုင်တယ်လို့ အရင်ကယူဆခဲ့ကြပါတယ်။ ဒါကြောင့် သုသေသနတွေလုပ်ခဲ့ပါတယ်။
🇺🇸 အမေရိကန်ပြည်ထောင်စုက အသက် ၃၆ နှစ်အရွယ်ရှိ Kelsey Meeks တစ်ယောက် ရုံးကိုဟန်ကျပန်ကျတက်လာရင်း သူ့ရုံးလေးကို air freshener စပရေးဘူးဖျန်းလိုက်ပါတယ်။ ခါတိုင်း စိတ်လန်းဆန်းဖွယ် ထင်းရူးနံ့သင်းသင်းလေးထွက်လာတတ်တဲ့ သူ့အခန်းထဲမှာ Kelsey Meeks တစ်ယောက် ဘာနံ့မှမရပါဘူး။
နောက်ရက်မှာ သူသိပ်ကြိုက်တဲ့ တုံယမ်ဟင်းရည်ကို ငရုတ်သီးများများနဲ့ သောက်ခဲ့သော်လည်း ဘာအရသာမှ မရခဲ့ပါ။ သူသိပ်ကြိုက်တဲ့ ရေမွှေးမျိုးစုံကို မည်သို့ပင်ဖျန်းသော်လည်း ဘာပန်းအနံ့လေးမှမရပါ။ Kelsey Meeks တစ်ယောက် လူဖြစ်ရှုံးပြီဆိုပြီး ကြူကြူပါအောင်ထိုင်ငိုပါတော့တယ်။
သုံးလလောက်အကြာမှာ ငန်သလား၊ ချိုသလားအနည်းငယ်စသိလာပြီး အနံ့ဆိုးအချို့ကို သိလာတာကလွဲလို့ အနံ့အရသာအတော်များများကို သူလုံးဝအာရုံခံမရသေးပါ။
မတ်လကုန်လောက်ကစပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ရင် အနံ့ခံအာရုံပါပျက်တတ်ကြောင်း သတိပြုမိလာကြပါတယ်။ ဧပြီလထဲမှာ အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါဌာန CDC က ကိုဗစ်-၁၉ ရောဂါလက္ခဏာတစ်ခုအဖြစ် အနံ့အာရုံပျက်ခြင်းကို ထည့်သွင်းသတ်မှတ်ခဲ့ပါတယ်။
ageusia = ချိုချဉ်ဖန်ငန်စပ်ခါး ရသာခြောက်ပါးကို အာရုံခံသိသည့် လျှာရဲ့တာဝန်ပျက်ကွက်ခြင်း။
anosmia = အနံ့ခံအာရုံကိုသိသည့် နှာခေါင်း၏ တာဝန်ပျက်ကွက်ခြင်း။
ကိုဗစ်-၁၉ ဖြစ်တာနဲ့ အနံ့ရောအရသာပါပျက်ခြင်းဟာ Covid ရောဂါရဲ့ထူးခြားထင်ရှားတဲ့ လက္ခဏာအဖြစ်သတ်မှတ်လာကြပါတယ်။ ကိုဗစ်-၁၉ လူနာတွေရဲ့ လေးပုံတစ်ပုံကနေ တစ်ဝက်အထိ ဒီလက္ခဏာပြပါတယ်။ ဒါကို ဆေးပညာအရ ageusia နဲ့ anosmia လို့ခေါ်ပါတယ်။
ဒါကြောင့် ကိုယ်ပူတာနဲ့ ချောင်းဆိုးတာထက်စာရင် ဒီအနံ့နဲ့အရသာပျက်တဲ့လက္ခဏာဟာ ကိုဗစ် ရောဂါ positive ဖြစ်မဖြစ် အဆ ၂၀ ပိုပြီး မှန်းဆရတာလွယ်ကူပါတယ်။
ဘာကြောင့် ကိုဗစ် ဖြစ်တာနဲ့ အနံ့အရသာပျက်တတ်တာလဲ?
ကိုဗစ်-၁၉ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ဟာ လူရဲ့ကိုယ်ခန္ဓာထဲက ဆဲလ်တွေထဲကို တွယ်ချိတ်ဝင်ရောက်ရာမှာ အဲ့ဒီဆဲလ်ရဲ့ ACE2 အင်ဇိုင်းနဲ့ချိတ်ဆက်ပြီးမှ ဝင်ရောက်လို့ရပါတယ်။ အရင်တုန်းကယူဆခဲ့ကြတာက ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ အနံ့အာရုံခံတဲ့ olfactory sensory neurons တွေကို တိုက်ရိုက်တိုက်ခိုက်ဖျက်ဆီးပစ်တယ်လို့ ယူဆခဲ့ကြတာပါ။
အခုအသစ်တွေ့ရှိတာက ACE2 ကို လူရဲ့ ဇီဝကမ္မဖြစ်စဉ်နဲ့ ရုပ်တည်ဆောက်ရေးအထောက်အကူပြု ဆဲလ်တွေမှာတွေ့ရခြင်းပါပဲ။ ACE2 ကို အနံ့အာရုံခံတဲ့ olfactory sensory neurons တွေ၊ stem နဲ့ သွေးကြောဆဲလ်တွေမှာ တွေ့ရပါတယ်။ အဲ့ဒီ ဟားဗတ်တက္ကသိုလ်က တွေ့ရှိချက်ကို ဟားဗတ်တက္ကသိုလ်ရဲ့ အောက်ကလင့်မှာ ဇူလိုင်လ ၂၄ ရက်နေ့က တင်ပြထားတာတွေ့ရပါတယ်။
အဲ့ဒီတွေ့ရှိချက်အရ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ အနံ့ခံအာရုံပျက်စေတယ်ဆိုတာဟာ neuron အာရုံခံဆဲလ်တွေကို တိုက်ရိုက်တိုက်ခိုက်ဖျက်ဆီးလို့ မဟုတ်ပဲ အဲ့ဒီဆဲလ်တွေကို အထောက်အကူပြုနေတဲ့ ဆဲလ်တွေကို တိုက်ခိုက်လို့ဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီလိုအနံ့အရသာပျက်ခြင်းသာ ယာယီသာဖြစ်ပြီး ရေရှည်တစ်သက်လုံးထိခိုက်စေမှာမဟုတ်ပါဘူးတဲ့။ olfactory sensory neurons တွေမှာ ACE2 ရဲ့ ပရိုတိန်းကို encode လုပ်နိုင်တဲ့ လုပ်ငန်းဆောင်တာမရှိပါဘူးတဲ့။ ဒါကြောင့် ဗိုင်းရပ်စ်က မတိုက်ခိုက်နိုင်ပါဘူးတဲ့။
ဒါဟာ ပညာရှင်တွေခေါင်းခဲနေတဲ့ ကိစ္စတစ်ခုဖြစ်ပြီး လူတွေမှာ အနံ့အရသာအာရုံတစ်သက်လုံးသာ ပျက်ဆီးသွားရင် စိတ်ရောဂါပြဿနာတွေ အကြီးအကျယ်ဖြစ်လာနိုင်ပါတယ်။ အခုသိရသလောက်ကတော့ စိုးရိမ်စရာမရှိတော့ပါတဲ့ခင်ဗျား။ သို့သော် သေချာအောင်ထပ်ပြီးသုသေသနဆက်လုပ်ရအုံးမယ်လို့ ဆိုပါကြောင်း။
Richard Myo Thant