ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်က မျောက်သူတော် ဝင်စားတယ်ဆိုတဲ့ အမျိုးသမီးတဦး

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နယ်ခွဲမှာ ထူးဆန်းတဲ့ မျက်နှာရှိ ရှမ်း အမျိုးသမီး တဦးကို ဘုရားဖူးတွေက တွေ့ရှိခဲ့ပါတယ်။

တောင်ကြီးက ဘုရားဖူးတစုဟာ ကာလိမြို့နယ်ခွဲရှိ မွေတော်ဟိုလိန်း စေတီတော်ကို သွားရောက်ဖူးမြော်စဉ် လမ်းမှာ မျက်နှာတခုလုံး မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးတွေ ပြည့်နေတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတဦးကိုတွေ့လို့ ခွင့်တောင်းပြီး ဗွီဒီယိုရိုက်ခဲ့တယ်လို့ စိုင်းနော်ခမ်းစင်က ပြောပါတယ်။

“မနေ့တုန်းက ကျနော်တို့ မွေတော်ဟိုလိန်းစေတီကို သွားဖူးကြပါတယ်။ စေတီမရောက်ခင် ထမ်ကုမ့်ဂူနားရောက်တော့ မိုင်းဖုံးဆရာတော်လည်း ကြွလာမယ်ဆိုလို့ ကျနော်တို့က ဆရာတော်ကို ဖူးမြော်ဖို့ စောင့်နေတုန်း အဲဒီအဒေါ်ကြီးနဲ့ တွေ့ခဲ့တာပါခင်ဗျ။ ကျနော့်တသက်မှာ တခါမှ မတွေ့ဖူးဘူး၊ ထူးဆန်းလို့ ခွင့်တောင်းပြီး ဗွီဒီယိုရိုက်ခဲ့တယ်။

အဒေါ်ကြီးနာမည်က ပါ့(ဒေါ်)နန်းမန့်လို့ ခေါ်တယ်၊ ဝမ့်ဝိန်းရွာကနေ မိုင်းဖုံးဆရာတော်ကို လာဖူးတာတဲ့၊ ဘယ်သူနဲ့မှ မရောဘူး၊ သူ့ဘာသူ နေနေတာ၊ သူ့မျက်နှာက မွေးကတည်းက အဲဒီလို အမွေးတွေ ပေါက်နေတာလို့ ပြောတယ်။ သူတို့မောင်နှမ ၄ ယောက်ရှိတာ သူ့လိုဖြစ်တာက ၂ ယောက်၊ သူ့အစ်ကိုရော သူရော ဖြစ်တယ်၊ သူ့အစ်ကိုကတော့ ဂူထဲဝင်သွားလို့ မတွေ့လိုက်ရဘူးခင်ဗျ။”

သူတို့ဟာ ခရီးဆက်ဖို့ရှိတဲ့အတွက် အချိန်ကြာကြာ စကားမပြောခဲ့ရကြောင်း၊ ဟိုလိန်းစေတီတော်ဟာ ဘုရားလောင်း မျောက်မင်းဘဝက ဓာတ်တော်နဲ့ ဌာပနာထားပြီး ဒေါ်နန်းမန့်တို့ မောင်နှမဟာလည်း ဘုရားလောင်းရဲ့ တပည့်အပေါင်းပါ မျောက်ငါးရာထဲက အဆက်အနွယ် ဝင်စားတာလို့လည်း ရွာသားတွေက ပြောဆိုလေ့ရှိတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကွန်ဟိန်း ပြည်သူ့ဆေးရုံကြီး မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဒေါက်တာ နန်းကိန်နုမ်ဖောင်ကတော့ သူ ကွန်ဟိန်း မှာ တာဝန်ထမ်းဆောင်စဉ် အဲဒီ ထူးဆန်းတဲ့မျက်နှာရှိ လူနာ ရောက်လာတာတော့ မရှိသေးကြောင်း၊ သူ လေ့လာဖူးတဲ့ ဆေးပညာ အရတော့ သဘာဝလွန် ဟိုမုန်းဓာတ် လွန်ကဲခြင်းကြောင့်သာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျမ တာဝန်ထမ်းဆောင်နေတဲ့ အချိန်တုန်းကတော့ အဲလိုဖြစ်တဲ့ လူနာ လာပြတာ မရှိပါဘူးရှင့်။ အဲဒီအဒေါ်ကြီးရဲ့ပုံတွေ ဗွီဒီယိုဖိုင်တွေတော့ တွေ့ဖူးပါတယ်။ မျောက်ဝင်စားတာတို့၊ လူဝင်စားတို့ ဆိုတာကတော့ ရွာသားတွေရဲ့ အယူသီးမှုတခုပေါ့လေ။

ဆေးပညာအရ ကြည့်မယ်ဆို ကျမ ဖတ်ဖူးတာက သူတို့ခန္ဓာထဲမှာ ဟိုမုန်းဓာတ်တွေ မူမမှန်လွန်ကဲရင်လည်း ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တွေ့ရခဲတယ်။ အိန္ဒိယနိုင်ငံမှာလည်း ရှိဖူးတယ်။ ကုသလို့ ရ မရတော့ သူတို့ကို သွေးစစ်ကြည့်မှ သိနိုင်မှာပေါ့နော်။ ကျမ တို့ ကျေးလက်ပြည်သူတွေကတော့ လူက ပုံမှန်မဟုတ်ဘူး ဆိုရင် ရှေးဝဋ်ကြွေးနဲ့ ကုသိုလ်ကံကိုပဲ ယိုးမယ်ဖွဲ့လိုက်တယ်။ ဆေးရုံ ဆေးခန်း ရောက်လာတာက နည်းတယ်၊ သူတို့နေတာကလည်း ဝေးလံခေါင်ဖျားဒေသဆိုတော့လေ။”

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page