ဓညဝတီသိမ်းရ စာတန်းပါ စကော့တလန်ရောက် မြန်မာပြည်က ရခိုင်ပြည်သုံး အမြောက်ကြီး
ဓညဝတီသိမ်းရ စာတန်းပါ စကော့တလန်ရောက် မြန်မာပြည်က ရခိုင်ပြည်သုံး အမြောက်ကြီး..
ဤအမြောက်ကို ဗြိတိန်နိုင်ငံ စကော့တလန်နယ် အီဒင်ဘာရာမြို့ရှိ ကောလ်တန် တောင်ကုန်းပေါ်တွင် တွေ့နိုင်ပါသည်၊ ပြင်သစ်နိုင်ငံ အရှေ့တိုင်းပညာရပ်များ လေ့လာရေးဌာန (EFEO)က မှတ်တမ်းပြုစုလျက်ရှိသည့် ရခိုင်ကျောက်စာကမ္ပည်းစာ အညွန်းစာရင်းတွင် ဤကြေးအမြောက်စာကို ကတ်တလောက်နံပါတ် (A.233) အဖြစ် မှတ်တမ်းတင်ထားသည်၊ ဤအမြောက်အကြောင်းကို ရခိုင်သမိုင်းပညာရှင် ဆရာမကြီး ဒေါ်ကြန်က အဝေးရောက် မြန်မာအမြောက် ခေါင်းစဉ်ဖြင့် ၁၉၉၄ ခုနှစ် မတ်လထုတ် ကနောင် စက်မှုစီးပွားဂျာနယ်တွင် ခရီးသွားမှတ်တမ်းအသွင်ဆောင်သည့် ဆောင်းပါးတစ်ပုဒ်ရေးသားဖူးပါသည်။
အမြောက်ကို စပိန်နိုင်ငံဘုရင် စတုတ္ထမြောက် ဖိလစ် (၁၆၀၅ – ၁၆၆၅) လက်ထက် Royal Arms of Spain တွင် သွန်းလုပ်သည်ဟု ယူဆရပြီး အမြောက်ပေါ်တွင် ခရစ် ၁၆၂၄ ဟု ရေးထိုးပါရှိသည်၊ အမြောက်သွန်းလုပ်နှစ်သည် ရခိုင်တွင် သီရိသုဓမ္မရာဇာဘုရင် ထီးနန်းစိုးစံချိန် (ခရစ် ၁၆၂၂ – ၁၆၃၈) လက်ထက်အတွင်း ကျရောက်လျက်ရှိနေသည်။
ရခိုင်ဘုရင်သည် ဤအမြောက်ကို ပေါ်တူဂီ ရေကြောင်းသွားလာသူများထံမှတစ်ဆင့် ရရှိပိုင်ဆိုင်ခဲ့သည်ဟု ယူဆရပြီး သီရိသုဓမ္မရာဇာ လက်ထက်တွင် အသုံးပြုခဲ့ပါက ရခိုင်ပြည်သုံး ခေတ်အမီဆုံး ဥရောပထုတ် အမြောက်လက်နက်တစ်ခု ဖြစ်ဖွယ် ရှိပါသည်။
ခရစ် ၁၇၈၅ ခုနှစ် မြောက်ဦးမြို့တော် ကျဆုံးချိန်တွင် ဤအမြောက်ကို မြန်မာတပ်များက သိမ်းပိုက်ရရှိသည်။ ၁၈၈၅ ခုနှစ် အထက်မြန်မာပြည်ကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးသောအခါ ဤအမြောက်ကို စကော့တလန်နယ် အီဒင်ဘာရာမြို့သို့ ဗြိတိသျှတို့က သယ်ယူသွားကြသည်။
အမြောက်ပေါ်တွင် ရခိုင်ပြည်မှ သိမ်းပိုက်ရရှိသည့် အထိမ်းမှတ်အဖြစ် ရေးထိုးထားသည့် (၁၁၄၆ ခု ပြာသိုလပြည့်ကျော် ၇ ရက်နေ့ ဝနေ့ (စနေနေ့) ည ၄ ချက်တီးကျော် တစ်နာရီတွင် ဓညဝတီသိမ်းရ) ဟု မြန်မာဘာသာ စာတစ်ကြောင်းပါရှိသည်။
(မှတ်ချက် ၁ နေ့ – တနင်္ဂနွေ, ၂ လာ – တနင်္လာ, ၆ ကြာ – သောကြာ, ၀နေ့ – စနေ)
ကျော်မင်းထင်