“ရိုးဂုဏ်” – ရုပ်ရှင်မင်းသားကြီး အမီတာဘချမ်း ပြန်ပြောပြသည့် ဇာတ်လမ်းလေးတစ်ပုဒ်

“ရိုးဂုဏ်”

ဤဇာတ်လမ်းလေးသည် အိန္ဒိယနိုင်ငံမှ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီး အမီတာဘချမ်း ပြန်ပြောပြသည့် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါသည်။

တစ်နေ့တွင် ဘချမ်းသည် လေယာဉ်ဖြင့် ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့် ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။

ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံသည်။ သူက လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး ဘချမ်းကို ပြုံးပြလိုက်သည်။ ဘချမ်းက သူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” ဟု နှုတ်ဆက်လိုက်သည်။

သူကလည်း “ဟဲလို” ဟု ပြန်ပြောသည်။ ထိုလူကြီးက သူ့ကို ပြုံးကာကြည့်လိုက်ပြီး “မောင်ရင် ဘာများလုပ်သလဲကွယ်” ဟုမေးလိုက်သည်။

သေချာသည်မှာ သူသည် ဘချမ်း၏ ရုပ်ရှင်များကို မကြည့်ဘူးပါ။ ထို့ကြောင့် ဘချမ်းက ပြုံးလိုက်ပြီး “ရုပ်ရှင်လုပ်ငန်း လုပ်ပါတယ်ခင်ဗျာ… ဦး ရုပ်ရှင်ကြည့်ပါသလား”

“အင်း ကြည့်တော့ကြည့်တယ်… အများကြီးတော့ မဟုတ်ဘူး… နှစ်တော်တော်ကြာမှ တစ်ကားလောက် ဆိုပါတော့”

သေချာသည်မှာ သူသည် ဘချမ်း၏ ရုပ်ရှင်တွေကို မကြည့်မိသေးကြောင်းဖြစ်သည်။ သူ့စိတ်ထဲကလည်း သူလို နာမည်ကျော် တစ်ယောက်ကို မသိရကောင်းလားဆိုကာ စိတ်ခုသွားမိသည်။

“မောင်ရင်က ရုပ်ရှင်လုပ်ငန်းမှာဆိုတော့ ဘာတွေ လုပ်သလဲ”

“ကျွန်တော်က သရုပ်ဆောင်တစ်ယောက်ပါ”

“အိုး … မင်းသားလား ကောင်းတာပေါ့” သူက ဤမျှသာပြန်ပြောသည်။

ထိုစဉ် လေယာဉ်က ဆင်းသက်နေပြီ။ သူတို့ ထွက်ခွာရတော့မည်။ ဘချမ်းက ထိုလူကြီးကို လက်ထိုးပေးရင်း “ကျွန်တော် အမီတာ ဘချမ်းပါ”

ထိုလူကြီးကလည်း ပြုံးပြလိုက်ပြီး “ဟုတ်လား… ဝမ်းသာပါတယ်ကွယ်… ဦးနာမည်လည်း မှတ်ထားပါ ဂျေ အာ ဒီ တာတာ”

အမှန်တော့ တာတာဆိုသည်မှာ အိန္ဒိယနိုင်ငံမှ သန်းပေါင်းများစွာ ချမ်းသာသော TATA လုပ်ငန်းရှင် သူဌေးကြီး တစ်ယောက်ဖြစ်သည်။

ဘချမ်းက ပြန်ပြောပြသည်မှာ.. “ကျွန်တော် အဲဒီနေ့ကစပြီးတော့ အများကြီး သင်ခန်းစာရသွားတယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အလွန်ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်လို့ထင်ပြီး သွေးနားထင်ရောက်နေတာ။ သူက ကျွန်တော့်ကို မသိဘူးဆိုတာ စိတ်ထဲတစ်မျိုးဖြစ်မိတာပေါ့။ ကျွန်တော့်ကို သူမသိတာ ဘာမှမဟုတ်ပါလား… သူ့ကို ကျွန်တော် မသိတာမှ တော်တော်နောင်တရသွားတာ။ အလွန်ရိုးသားနှိမ့်ချပြီး သူ့ကိုယ်သူဘာမှန်းမသိအောင် နေပြသွားတဲ့ သူဌေးကြီးတစ်ယောက်က ပေးသွားတဲ့ သင်ခန်းစာက ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူးဆိုတာပဲ”

တင်ညွန့် (၉.၈.၂၀၂၀)

(Amithabh Bachan’s Traveling with Gentleman)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page