မန္တလေးမှာ လှောင်ကန်ကြီးနဲ့ အမ်-၁၅၀ အချိုရည်အတု လုပ်သူကို ယခုအချိန်ထိ အမှုမဖွင့်နိုင်သေးဟုဆို

မန္တလေးမှာ လှောင်ကန်ကြီးနဲ့ အမ်-၁၅၀ အချိုရည်အတု လုပ်သူကို ယခုအချိန်ထိ အမှုမဖွင့်နိုင်သေးဟုဆို

မန္တလေးမြို့မှာ အမ်-၁၅၀ အားဖြည့်အချိုရည်အတု ပြုလုပ်နေတဲ့ နေအိမ်တိုက်ခန်းတစ်ခုကို သတင်းအရ သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ရာမှာ နေအိမ်တိုက်ခန်းအတွင်း သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

မန္တလေး အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက် ၆၂ လမ်း၊ ၁၆ လမ်းနဲ့ ၁၇ လမ်းကြားက ဦးပီကူးမား(အသက် ၆၅ နှစ်)ရဲ့နေအိမ်တိုက်ခန်းမှာ အားဖြည့်အချိုရည်အတုတွေ ပြုလုပ်နေတယ်ဆိုတဲ့သတင်းအရ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်အ ချိန်ခန့်မှာ တိုင်းရဲတပ်ဖွဲ့နဲ့ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သက်သေရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့တူ ဝင်ရောက်စစ်ဆေးခဲ့တာကနေ သက်သေခံပစ္စည်းတွေနဲ့အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

“ကုမ္ပဏီဘက်က အမှုလာမဖွင့်သေးလို့ အမှုမဖွင့်သေးပါဘူး၊ သူတို့လည်း တိုင်ပင်နေတုန်းဖြစ်မှာပါ၊ အမှုမဖွင့်သေးပါဘူး၊ လောလောဆယ်တော့ ကျွန်တော်တို့ သက်သေခံပစ္စည်းတွေသိမ်းထားပါတယ်၊ သူတို့လာဖွင့်မှ အမှုဖွင့်ရမှာပါ”လို့ အောင်မြေသာစံမြို့နယ် အမှတ်(၁)နယ်မြေရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ်အောင်ကျော်မျိုးကပြောပါတယ်။

ဖော်ထုတ်ဖမ်းဆီးမှုအရ ဦးပီကူးမားရဲ့ နေအိမ်တိုက်ခန်းအပေါ်ထပ် ၄ လွှာမှာ အားဖြည့်အချိုရည် ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့ဘွိုင်လာအိုး ၃ အိုး၊ ဖျော်စပ်ရာမှာ အသုံးပြုတဲ့ လှောင်ကန်အကြီးတစ်ခုနဲ့အတူ အချိုရည်အတုပြုလုပ်တဲ့နေရာမှာ အသုံးပြုတဲ့ဆက်စပ်ပစ္စည်းတွေကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးရမိမှုနဲ့ စပ်လျဉ်းတဲ့သ က်သေခံပစ္စည်းတွေကို ရဲတပ်ဖွဲ့က ရှာဖွေပုံစံနဲ့သိမ်းဆည်းပြီး အမှုဖွင့်နိုင်ရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page