သံဃာဂိုဏ်းသင့်လို့ မြန်မာတွေ ဒုက္ခရောက်ရတယ် ဆိုတဲ့ဂျင်းနဲ့ ယုတ္တိဗေဒ အမှား
သံဃာဂိုဏ်းသင့်လို့ မြန်မာတွေ ဒုက္ခရောက်ရတယ် ဆိုတဲ့ဂျင်းနဲ့ ယုတ္တိဗေဒ အမှား…
အရင်တုန်းက အင်ဒိုနီးရှားမှာ ဆူနာမီဖြစ်တော့ ဒေါက်တာမတင်ဝင်းက ရေးသတဲ့။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာကိုးကွယ်တော့ ရတနာ (၃) ပါးရဲ့ ဂုဏ်ကျေးဇူးကြောင့် အဲလို သဘာဝဘေးဒဏ်တွေ မခံစားရဘူးပေါ့။ သိပ်မကြာဘူး၊ မြန်မာပြည်မှာလည်း နာဂစ်ဖြစ်ပါလေရော။ သူ့ရဲ့ ရေးသားချက်ကို မကျေမချမ်းဖြစ်နေတဲ့ ဒကာတစ်ယောက်က ပြောတယ်။ “အဲဒီမိန်းမ ဘုရားနဲ့ လူတွေကို ရန်တိုက်ပေးတာ” တဲ့။
အခုလည်း မြန်မာပြည်မှာ ဒုက္ခပင်လယ်ဝေနေတာကို သံဃာတွေကို ဝေဖန်ပြစ်မှားလို့ပဲ သံဃာဂိုဏ်းသင့်သယောင် ဘာသာရေးတွေနဲ့ ချိတ်ဆက်ပြီး ရေးသားနေကြ၊ တစ်ချို့ဦးဇင်းငယ်တွေကအစ အဟုတ်ထင်ပြီး ရှယ်နေကြလို့ပါ။
ယုတ္တိဗေဒမှာ မှားတတ်တဲ့ ဆင်ခြင်နည်းတစ်ခု ရှိတယ်။ The Fallacy of the Converse reasoning လို့ ခေါ်တယ်။ အကျိုးကို ပြပြီး အကြောင်းကို ဆင်ခြင်တဲ့နည်း။
ဥပမာ – အကယ်၍ အအေးမိလျှင် ဖျားနာမည်၊ ချောင်းဆိုးမည်။ ယခု ချောင်းဆိုးနေသည်။ ထိုကြောင့် အအေးမိခြင်း ဖြစ်ရမည်။
ဒီလို ကောက်ချက်ဆွဲမှုမျိုး။ ဒီနည်းက အမြဲတမ်း မမှန်ပါဘူး။ ချောင်းဆိုးစေတတ်တဲ့ တစ်ခြားအကြောင်းတွေလည်း အများကြီး ရှိနိုင်တာပဲ။ တီဘီရောဂါကြောင့်လည်း ဖြစ်ချင်ဖြစ်မယ်၊ အဆုပ်ကင်ဆာကြောင့်လည်း ဖြစ်ချင်ဖြစ်မယ်။ ချောင်းဆိုးတိုင်း အအေးမိတယ်လို့ ပြောမရ။ ဒါကြောင့်လည်း ဒီလို ဆင်ခြင်ပုံနည်းလမ်းမျိုးကို ယုတ္တိအမှားလို့ သတ်မှတ်တယ်။ (အားနာနာနဲ့ ပြောရရင် ဘာသာရေးသမားအများစုဟာ ဒီယုတ္တိအမှားကို မကြာခဏ လွန်ကျူးမိတတ်ကြတယ်။) ဒီလောက်ဆိုရင် သံဃာဂိုဏ်းသင့်လို့ မြန်မာပြည်သူတွေ လက်ရှိအချိန် ဒုက္ခမျိုးစုံ ခံစားနေရတယ် ဆိုတဲ့ ယူဆချက်ဟာ Logic ရှုထောင့်က ကြည့်ရင် ယုတ္တိရှိ/မရှိ သဘောပေါက်လောက်ပါပြီ။
စာအရှည်ကြီး မရေးချင်လို့ ယူဗယ်ဟာရာရီရဲ့ စာအုပ်ထဲက အကြောင်းအရာလေးနဲ့ပဲ အဆုံးသတ်တော့မယ်။ အရင်ခေတ်တုန်းက လူတွေဟာ မိုးကြိုးပစ်ပြီဆိုရင် လူသားတွေ မကောင်းတာလုပ်တဲ့အတွက် နတ်ဘုရားတွေက ပြစ်ဒဏ်ခတ်တာဆိုပြီး ယုံကြည်ကြတယ်။ ဒါပေမဲ့ (၁၈) ရာစု အလယ်လောက်မှာ ဘင်ဂျမင်ဖရန်ကလင်က မိုးကြိုးလွှဲကို တီထွင်ပြီး နတ်ဘုရားတွေကို အနိုင်ယူပြခဲ့တယ် တဲ့။ စဉ်းစားနိုင်ကြဖို့ပါ။
Bhikkhu Issariya