ယခင်အချိန်က ကျိုက်ထီးရိုးဘုရားဆိုတာ မြန်မာတပြည်လုံးက ဘုရားဖူးတွေကို အမဲဖျက်တဲ့ နေရာကြီးပါ
ယခင်အချိန်က ကျိုက်ထီးရိုးဘုရားဆိုတာ မြန်မာတစ်ပြည်လုံးက ဘုရားဖူးတွေကို အမဲဖျက်တဲ့ နေရာကြီးအလားပါပဲ…
ဗုဒ္ဓဘာသာတွေရဲ့ အထွတ်အမြတ်ထားရာကျိုက်ထီးရိုး ဘုရားကြီးရဲ့ အလှုခံကို စစ်အစိုးရလက်ထက်ကနေစပြီး နှစ်စဉ် လေလံပေးတယ် တစ်နှစ်ကို သိန်း ၇၀၀၀ ကနေ သိန်း ၈၀၀၀ ကြားမှာလေလံ ပေါက်စျေးရှိပြီး အပြိုင်အဆိုင်ဆွဲကြရတယ်။
လေလံအောင်တဲ့သူတွေက ဘုရားတောင်ခြေ ကင်ပွန်းစခန်းကနေ ရင်ပြင်ပေါ်အနှံ တောင်တော်ပတ်လည်မှာ အလှုခံမဏ္ဍပ်တွေ တည်ကြတော့တယ်။ ကျိုက်ထီးရိုးဘုရား ရာသီစတာနဲ့ လေလံအောင်ထားတဲ့သူတွေက သူတို့သွင်းထားတဲ့ လေလံကြေးထက် အမြတ်ကျန်ဖို့အတွက် အလှုခံမဏ္ဍပ်တွေကနေတဆင့် ဘုရားဖူးတွေထံကနေဓါးပြတိုက်သလို အလုအယက် အလှုခံကြပါတော့တယ်..
ဘုရားကြီးရဲ့ကွေ့တစ်ကွေ့တိုင်းမှာ အလှုခံရှိတယ် စေတီတိုင်းမှာ အလှုခံရှိတယ်၊ ရင်ပြင်တစ်ခုလုံးမှာ အလှုခံရှိတယ်။ အကျိုးဆက်အနေနဲ့ လူသိန်းသန်းချီပြီး လာနေတဲ့ ကျိုက်ထီးရိုးဘုရားကြီးရဲ့ စေတီတွေမှာ ဘယ်လောက်လှုလှု ထီးတော်တွေ နှစ်စဉ်မရှိဘူး။ ဇရပ်တွေဟာ ဘယ်လောက်လှုလှု သွပ်တစ်ချပ်က အမြဲလိုနေရှာတယ်။ သောက်ရေအိုးစင်တွေဟာဘယ်လောက်လှုလှု နှစ်လုံးထက်ပိုမပြည့်လာခဲ့ဖူးဘူး..
ဘုရားဖူးတွေ သွားရာလမ်းကို ခွအလှုခံတယ် လမ်းကိုပိတ်ပြီး အလှုခံတယ်။ ကျီးကန်းပါးစပ် သွားတဲ့လမ်းတစ်လျှောက်နဲ့ ရသေ့တောင်ကအတက် ရွှေနန်းကျင်နတ်နန်းဘက်တွေဟာ အဆိုးရွားဆုံးပဲ ရွှေနန်းကျင်နတ်နန်းကိုမှ ဝင်မဖူးရင် ရှေ့မှာ ဒုက္ခတွေ့လိမ့်မယ်လို့ ကျိန်စာတိုက်သလိုကို အလှုခံတွေကခြောက်လှန့်ကြတယ်။ ဝင်ဖူးပြန်တော့လည်း ဓါးပြတိုက်သလို အလှုခံကြပြန်တယ်။ ကျီးကန်းပါးစပ် လမ်းတွေမှာဆိုလည်း လမ်းကိုပိတ်ပြီး ဖျာခင်းထား ဘုရားဆင်းတုတော်လေး တစ်ဆူနှစ်ဆူချ ဝင်ဖူးသွားပါဦးဆိုပြီး ဝင်မဖူးရင် ဗုဒ္ဓဘာသာ မဟုတ်ဘူးလားလို့တောင် ကိုယ့်ပြန်ရန်လုပ်တာ ခံခဲ့ကြရတယ်။
ဒီ့ထက်ဆိုးတာက ကဗျည်းထိုးပေးမယ်ဆိုပြီး ဘုရားရင်ပြင်ပေါ်မှာတင် ခေါင်းစဉ်အမျိုးမျိုးနဲ့ အလှုခံခဲ့ကြတာပဲ။ အချို့လူတွေကတော့ စိတ်ချလက်ချလှုပြီး ပြန်မလာနိုင်ကြလို့ သူတို့အမည် ရှိမရှိ မသိကြပေမယ့် ပြန်လာနိုင်တဲ့ သူတွေက သူတို့လှုခဲ့တာတွေသွားပြန်ကြည့်ရင် ဘယ်တော့မှ မတွေ့ခဲ့ရပဲ အလှုခံတွေကိုသွားပြန်မေးရင် မနှစ်က အလှုခံက သူမဟုတ်လို့ မသိဘူးတို့ ခေါင်းရှောင်ကုန်ကြတာ စိတ်ဆင်းရဲဖို့အကောင်းဆုံးပဲ
ဘုရားကြီးရဲ့ အရပ်ရပ်က လေလံဝင်ငွေတွေကို သိန်းပေါင်း သောင်းချီပြီး ဂေါပက ယူခဲ့ပေမယ့် အနယ်နယ်အရပ်ရပ်က ဘုရားဖူး ပြည်သူတွေအတွက်အိပ်စရာနေရာမရှိဘူး။ ချိုးစရာ ရေမပြောနဲ့ မျက်နှာသစ်ဖို့တောင် ဝယ်သုံးခဲ့ရတယ်။ အခမဲ အိမ်သာမရိဘူး။ အခပေးရတဲ့ ညစ်ပတ်နံစော်နေတဲ့ အိမ်သာတွေမှာ ရေတောင်မရှိဘူး။
ဗုဒ္ဓဘာသာတွေပီပီ ကျိုက်ထီးရိုးဘုရား ဖူးခွင့်ရတဲ့ အခိုက်အတန့်လေးမှာသာ စိတ်ကြည်နူးခွင့်ရခဲ့ပေမယ့်ကျန်တာကတော့ ဘာတစ်ခုမှ ဘုရားဖူးတွေမှာ စိတ်မချမ်းသာခဲ့ကြရပါဘူး။အချို့ဆို စိတ်ဆင်းရဲရလွန်းလို့နောက်တစ်ခေါက် ပြန်မလာတော့ဘူးလို့ ဆုံးဖြတ်ချက်ချရတဲ့အထိအောင် ကျိုက်ထီးရိုးဘုရားကြီးဟာ လူမသမာတွေရဲ့ စီးပွားရှာရာ စားကျက်မြေကြီးကို ဖြစ်ခဲ့ရပါတယ်။ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေရဲ့ ဘုရားကြီးအတွက် ရည်စူးလှုဒါန်းခဲ့ကြတဲ့ ခေါင်းစဉ်အမျိုးမျိုးအောက်က အလှုငွေတွေဟာ လူတစ်စုရဲ့ အိပ်ထဲသာ ရောက်သွားခဲ့ရပါတယ်။ ဘုရားကြီးကတော့ နှစ်စဉ်မပြောင်းလဲခဲ့ပါဘူး။
ဒီအဖြစ်တွေကို ဘုရားဖူးတွေကလည်း မခံကြပါဘူး ခေတ်အဆက်ဆက်မှာ သက်ဆိုင်ရာကို တိုင်ခဲ့ကြပေမယ့် မသိချင်ယောင်ဆောင်နေခဲ့ကြပြီး စိတ်ဆင်းရဲရတာတွေ ကတော့နှစ်စဉ် ပြောင်းလဲလာမှု မရှိခဲ့ပါဘူး။
ဒီအခြေအနေတွေကို ပထမဆုံး ပြောင်းလဲပစ်ခဲ့တာကတော့ အန်နယ်ဒီ ပြည်သူ့အစိုးရ လက်ထက်မှာပါပဲ။ သာဝန် သူရဦးအောင်ကိုဟာတာဝန်ယူပြီး မကြာခင်မှာပဲ မီဒီယာမှာ အပြောင်းအလဲအတွက် ပထမဆုံး သူထုတ်ပြောခဲ့တာကတော့ ကျိုက်ထီးရိုးက ဂေါပကအဖွဲ့ပါပဲ။ သူပြောခဲ့တာကတော့…
“တန်ခိုးကြီးဘုရားတစ်ဆူ ဖြစ်တဲ့ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်နဲ့ ပတ်သက်ရင်တော့ တိုင်စာအများဆုံးရတဲ့ ဂေါပကအဖွဲ့လည်း ဖြစ်ပါတယ်။ ဂေါပကအဖွဲ့ကနေ ဘုရားနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေမှာ ကန်ထရိုက်ရသွားတဲ့ သူတွေက စီးပွားရေး သိပ်ဆန်တာပဲတဲ့။ စီးပွားရေးဆန်တော့ ဘုရားဖူးတွေ မကြာခဏ စိတ်အနှောင့်အယှက် ဖြစ်ရတယ်ဆိုပြီးတာ့ မကြာသေးခင်က နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများကလည်း မိန့်ကြားပါတယ်။ အဲဒီကိစ္စကို ပြည်နယ် အစိုးရနဲ့ ညှိနှိုင်းပြီး ဂေါပကအဖွဲ့ကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။ တချို့ သက်တမ်းလွန်တဲ့ ဂေါပကအဖွဲ့တွေကိုလည်း ရက် ၁၀၀ စီမံကိန်းအတွင်းမှာ သီလ၊ သိက္ခာ၊ သမာဓိပြည့်စုံတဲ့ လူကြီးသူမများနဲ့ တာဝန်လွှဲပြောင်း ဆောင်ရွက်သွားဖို့ရှိပါတယ်။”
သူ့ဂတိစကားအတိုင်း ဂေါပကအဖွဲ့ကို အစိုးရသစ်ရဲ့ ရက် ၁၀၀ အတွင်းမှာ အသစ်လဲလိုက်တယ်။ ဘုရားပေါ်က အလှုခံလေလံတွေကို ရုတ်သိမ်းလိုက်တယ်။ အလှုခံပုံးလေးတွေပဲ ချထားပြီး ဘုရားဖူးတွေ စေတနာသဒ္ဒါရှိသလောက် လှုတာကိုသာ လက်ခံတော့တယ်။ အခမဲ့ အိမ်သာတွေ၊ အခမဲ့ တည်းခိုခန်းတွေ၊ အခမဲ့ ရေပူရေအေးတွေ ဘုရားဖူးတွေအတွက် စိတ်ချမ်းသာအောင် အဆင်ပြေအောင် စီစဉ်ပေးလာတယ်။ ဘုရားဖူးတွေ အဆင်ပြေနိုင်အောင် ရသေ့တောင်ကနေ ရင်ပြင်ပေါ်ကို မြန်မာပြည်ရဲ့ ပထမဆုံး ကေဗယ်ကားတွေ တပ်ဆင်ပေးခဲ့ပါတယ်။
အစိုးရသစ်ရဲ့ ဂေါပကသစ် တာဝန်ယူပြီး ၂ နှစ်အတွင်းမှာအနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ လှုဒါန်းတဲ့ငွေဟာယခင် ဂေါပက အဆက်ဆက် ရရှိထားခဲ့တဲ့ လက်ကျန်ငွေထက် ကျပ်သိန်းပေါင်း ကိုးသောင်း သုံးထောင်ကျော် ပိုများနေတာ တအံ့တသြတွေ့ခဲ့ရပါတယ်။
ဒီငွေ ၉ ဘီလီယံကျော်က ဂေါပကသစ်လက်ထက် ၂ နှစ်တာအတွင်း ကျိုက်ထီးရိုးစေ တီတော် အလှူငွေများထဲမှ 11 KV ကာဗာကြိုးလဲလှယ်ခြင်း၊ စေ တီရင်ပြင်တော်အားလုံးတွင် ကျောက်ပြားခင်းခြင်း၊ ရေသန့်၊ အများသုံးအခမဲ့အဆင့်မြင့်သန့် စင်ခန်းများ တည်ဆောက်ခြင်းတို့ ပြုလုပ်ထားတဲ့ ကုန်ကျစားရိတ်တွေမပါသေးပါဘူး။
ဘာသာ သာသနာကို ပါးစပ်က တတွင်တွင် မနားတန်း စောင့်ရှောက်နေတဲ့ အစိုးရ လက်ထက်မှာနဲ့ ပါးစပ်က မပြောပဲ လက်တွေ့လုပ်ဆောင်နေတဲ့ အစိုးရလက်ထက်မှာ ဘယ်အစိုးရဟာ ဘာသာ သာသနာကို အလွဲသုံးစား လုပ်ခဲ့ကြပြီး ဘယ်အစိုးရဟာ အမှန်တကယ် စောင့်ရှောက်နေခဲ့တယ်ဆိုတာ ကျိုက်ထီးရိုးဘုရားက သက်သေပါပဲ။