ကျောက်မိုးရွာ ဆင်စခန်းကနေ ဧည့်သည် မျှော်နေရရှာတဲ့ မသန်စွမ်းဆင်လေး အောင်လ

ကျွန်တော့်နာမည်က အောင်လ ငယ်နာမည်အရင်းတော့မဟုတ်ပါဘူး ငယ်နာမည်အရင်းက ရွှေပြည်အေး…

အခုဒီနေပြည်တော်ရောက်တော့မှ ဒီက သခင်တွေက ကချင်ပြည်နယ်ကလာတယ်ဆိုပြီး ချစ်စနိုးနဲ့အောင်လလို့ ခေါ်ကြတာ အခုဆို အောင်လ နာမည်တွင်သွားပါပြီ ဟိုနာမည်ကြီးလက်ဝှေ့သမား နာမည်ပါပါအောင် ဆိုပြီးတော့ဆိုလားပဲ။ ဒီနာမည်လေးလဲ ကျွန်တော်ကြိုက်တယ်…

ကျွန်တော်က ကချင်ပြည်နယ်မှာမွေးဖွားခဲ့တာ ကျွန်တော်ငယ်စဥ်ကတည်းက ကျွန်တော့်အမေကခွဲသွားခဲ့ပါပြီ ပြီးတော့ ကျွန်တော်မွေးကတည်းက ရှေ့လက်တွေက မသန်ခဲ့ပါဘူး မြင်တဲ့အတိုင်းပါပဲ ကျွန်တော့်ရဲ့ ဝဋ်ကြွေးကြောင့်ပေါ့ဗျာ…

ကျွန်တော်တို့လိုဆင်တွေမှာ တစ်ထောင်မှာတစ်ကောင် တစ်သောင်းမှာတစ်ကောင်တောင် ဖြစ်ဖို့မလွယ်တဲ့ ကျွန်တော့်ရဲ့ကံအကြောင်းတစ်ခုပါ အမေကမရှိ ဒီရှေ့လက်တွေကမသန်တဲ့ ကျွန်တော့်ရဲ့ မွေးရာပါ ချွတ်ယွင်းချက်ကြောင့် ကျွန်တော့်ဘဝရှင်သန်ကြီးထွားဖို့ဆိုတာ ခဲယဥ်းလွန်းခဲ့ပါတယ် ကျွန်တော့်အရင်သခင်တွေရဲ့ ဂရုစိုက်လွန်းလို့သာ ကျွန်တော်ရှင်သန်ခဲ့ရတာပါ။

သူတို့ကကျွန်တော့်ကို သားတစ်ယောက်လို ချစ်ခင်စောင့်ရှောက်ပေးခဲ့တာ ကျွန်တော့်ကို အဲ့လိုစောင့်ရှောက်ပေးရတာ ခက်ခဲလွန်းမယ်ဆိုတာ အခုကျွန်တော်ကောင်းကောင်းကြီးသိပါတယ် ဒါကြောင့်ထင်ပါတယ် သူတို့ထက်ပိုစောင့်ရှောက်ပေးနိုင်မယ်လို့ ယူဆတဲ့သခင်တစ်ယောက်ဆီကို ရင်နာနာနဲ့ ပို့လိုက်ပါတယ် ကျွန်တော်လာခဲ့ရတဲ့အဲ့နေ့ကိုမမေ့ပါဘူး ကျွန်တော်သခင်တွေဆိုမျက်ရည်တွေဝဲလို့ “မင်းအတွက်ပိုအဆင်ပြေမယ့်နေရာ ပိုစောင့်ရှောက်ပေးနိုင်မယ့် လူဆီကို ပို့ပေးနေတာနော်သား”လို့ပြောနေသလို ကျွန်တော်လည်း ငိုတာပေါ့ဗျာ ယောက်ကျားပေမယ့် ကလေးဗျ ဘယ်လိုမှမထိန်းနိုင်ဘူး…

ဒီရောက်တာနဲ့ ကျွန်တော့်အမေအရွယ် ဆင်မကြီးတစ်ကောင်နဲ့ တန်းတွေ့ရတာပဲ တွေ့တွေ့ချင်းတော့ကြောက်တာဗျာ နေရာကလည်းနယ်မြေစိမ်းလေ သူကလည်းသိတယ်ထင်တယ် ကျွန်တော့်ကိုလည်း မြင်မြင်ချင်း သနားလည်း သနား ချစ်လည်းချစ်သွားလားမသိဘူး မြင်တာနဲ့ လာရောက်ပွေ့ဖက်တော့တာပဲ အဲ့ကျမှ ကျွန်တော်အကြောက်ပြေသွားတာ အားလည်းရှိသွားတာ အခုတော့ကျွန်တော့်ရဲ့မွေးစားအမေဖြစ်နေပြီ ကျွန်တော်တို့ဆင်တွေကရိုးတယ် ဟန်ဆောင်တာတွေမရှိဘူး မြင်ကတည်းက မကြိုက်ရင် လက်မခံဘူး အခုကျွန်တော့်ကိုလာပွေ့ဖက်တာဆိုတော့ ကျွန်တော်ဝမ်းတွေသာတာဗျာ…

အဲ့အချိန်ကတည်းက ကျွန်တော်ကို အမေလိုချစ်ခင်ကြင်နာတဲ့ အမေတစ်ယောက်ရခဲ့တာ ကျွန်တော်သွားချင်ရင် အမေကလိုက်တယ် ကျွန်တော်စားချင်တာရှိရင် အမေက ခူးပေးတယ် ချိုးပေးတယ် ကျွန်တော်အိပ်ချင်ရင်အမေ့ဗိုက်အောက်မှာဝင်အိပ်တယ်ပြီးတော့ ကျွန်တော့်သခင်အသစ်ကလည်း ကျွန်တော်တို့ကြိုက်တဲ့ ကြံ ပြောင်း ငှက်ပျော စပါး တွေအပြင် လိမ်မော်သီးဆိုတာတွေရော ပန်းသီးဆိုတာတွေရော မကြာမကြာကျွေးတာ ကျွန်တော်ကတော့ကြိုက်မှကြိုက်ပေါ့ဗျာ…

အခုကျွန်တော်နေနေတာ နေပြည်တော်-ပင်လောင်းကားလမ်းဘေး ၁၁ မိုင်လေးဖာလုံမှာရှိတဲ့ ကျောက်မိုးရွာနားလေးမှာ ပုံထဲက တောင်တန်းလေးတွေက ကျွန်နော်နေတဲ့နေရာလေးလေ အစာပေါတယ် ရေပေါတယ် ဒါပေမယ့်လည်း ကျွန်တော့်မွေးရာပါချွတ်ယွင်းချက်က ရှာဖွေစားသောက်ဖို့ ခက်ခဲလွန်းပါတယ် ကျွန်တော်တို့ရဲ့နေစဥ်စားသောက်တဲ့နှုန်းကလည်း မနည်းဘူးလေ ၂၄ နာရီမှာ အနည်းဆုံး ၁၆ နာရီလောက်စားနေရမှ ဗိုက်ပြည့်တဲ့အမျိုးတွေလေ ကျွန်တော်တစ်ယောက်တည်းဆို ဘယ်လိုရှာဖွေစားသောက်နိုင်ပါ့မလဲ အမေရယ် ဒီသခင်တွေရယ်သာမရှိရင် ကျွန်တော်ဆိုတာ အခုချိန်ထိရှိနေပါ့မလားဗျာ…

အခုဒီနေရာလေးမှာ ကျွန်တော်ရယ်အမေရယ် ကျွန်တော့်သခင်တွေရယ်နဲ့ အရမ်းပျော်နေပြီဗျာ…

ဒါပေမယ့်လည်း တခါတလေတော့စိုးရိမ်တယ် အမေကရော ကျွန်တော့်ကိုအမြဲ ဂရုစိုက်ပေးနေနိုင်ပါ့မလား ကျွန်တော့်သခင်တွေကရော ကျွန်တော်ကြောင့် ဝန်ထုပ်ဝန်ပိုးများဖြစ်နေပြီလား ဒီဘက်ကိုရောက်ရင် ကျွန်တော့်ဆီဝင်လည်ပြီး အကြံပေးကြပါအုန်းနော် ကျွန်တော်ဒီအမေရယ် ဒီသခင်တွေရယ်နဲ့တသက်လုံးနေသွားချင်တယ်ဗျာ…

(အောင်လ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page