“အလောင်းဝတ်တဲ့ အဝတ်အစားမှာ အိတ်ကပ် မရှိလို့ပါ” ဆိုတဲ့ အမေရိကန် သူဌေးကြီး
“အလောင်းဝတ်တဲ့ အဝတ်အစားမှာ အိတ်ကပ် မရှိလို့ပါ”
သူ့ကို နယူးဂျာစီနေ အမေရိကန်အိုင်းရစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သာမန်မိသားစုတစ်စုက မွေးဖွားခဲ့တာဖြစ်တယ်။ ၂ဝ၁၁ခုနှစ်မှာ သူ့အသက်(၈ဝ)ပြည့်ခဲ့ပြီး အမေရိကန် ဆန်ဖရန်စစ္စကိုမှာ အိမ်ခန်းနှစ်ခန်းပါတဲ့အိမ်လေးမှာ ဇနီးနဲ့အတူ ငှားရမ်းနေထိုင်ခဲ့ပါတယ်။
နာမည်ကြီးတံဆိပ် အဝတ်အစားတွေ သူ မဝတ်ဆင်ခဲ့ဖူးသလို သူ့မျက်မှန်ကတည်း ဟောင်းနွမ်းနေခဲ့ပါတယ်။ သူ့လက်မှာပတ်ထားတဲ့ နာရီကလည်း မြေအောက်ဘူတာတစ်နေရာမှာ ဝယ်ခဲ့တဲ့နာရီဖြစ်တယ်။ အစားအသောက်ကောင်းတွေကို သူ မမက်မောခဲ့ပါဘူး။ သူနှစ်သက်တဲ့အစားအစာက ဈေးချိုတဲ့ ခရမ်းချဉ်သီးချိစ်ဆန်းဝှစ်ဖြစ်တယ်။ သူ့မှာ ကိုယ်ပိုင်ကားမရှိဘူး။ ဘတ်စကားကိုပဲ သူအသုံးပြုတယ်။ သူ့ရဲ့လက်ကိုင်အိတ်ဟာလည်း အဝတ်စနဲ့ချုပ်ထားတဲ့အိတ်ပဲဖြစ်တယ်။ တကယ်လို့ သူနဲ့အတူ စားသောက်ဆိုင်သွားရင် ဘေလ်တွေကို စနစ်တကျ သူစစ်ဆေးမှာကို သင်တွေ့ရပါလိမ့်မယ်။ တကယ်လို့ သူ့အိမ်မှာ ညအိပ်ညနေ သင်အိပ်ခဲ့ရင် မအိပ်ခင် မီးပိတ်ပါလို့ သူသတိပေးပါလိမ့်မယ်။
ဒီလောက်ဆင်းရဲတဲ့ အမေရိကန်အဘိုးကြီးတစ်ယောက်အကြောင်း ဘာများပြောစရာရှိသလဲလို့ သင်အံ့သြကောင်း အံ့သြလိမ့်မယ်။ သူလုပ်ခဲ့သမျှကို ကျွန်တော်တို့ အရင်ကြည့်ရအောင်…..
Cornell University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း ၅၈၈ မီလီယံ, California University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း ၁၂၅ မီလီယံ, Stanford University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း သန်း၆ဝ, အိုင်ယာလန်မှာ တက္ကသိုလ်အသစ် ၇ကျောင်းနဲ့ မြောက်အိုင်ယာလန်မှာ ၂ကျောင်းဆောက်ဖို့ တစ်ဘီလီယံကို သူလှူဒါန်းခဲ့တယ်။
နှုတ်ခမ်းကွဲကလေးသူငယ်တွေရဲ့ လက်မှုပစ္စည်းတွေ ဖွံ့ဖြိုးတိုးတက်အောင် အပြုံးစစ်ဆင်ရေး “Operation Smile” ပရဟိတလုပ်ငန်းကို သူစတင်တည်ထောင်ခဲ့ပြီး ဆေးဖိုးဝါးခတွေ ရှာပေးခဲ့တယ်။ အာဖရိကတိုက်အတွက် ပုလိပ်ရောဂါနဲ့ အခြားရောဂါတိုက်ဖျက်ရေးအတွက် ငွေကြေးအမြောက်အမြား သူလှူဒါန်းခဲ့တယ်။ ဒီကနေ့အထိ သူလှူဒါန်းလိုက်တဲ့ ငွေကြေးပေါင်း ၄ဘီလီယံကျော်ရှိခဲ့ပြီး လှူဒါန်းဖို့ ငွေကြေး (၄)ဘီလီယံ လျာထားဆဲဖြစ်ပါတယ်။
သူကတော့ သူကိုယ်တိုင်အတွက် မကြည့်ဘဲ အများအတွက်ကြည့်သူ၊ ငွေကြေးရှာဖွေတာကို နှစ်သက်ပေမယ့် ငွေကြေးတွေကို လက်ဝယ်မထားတဲ့သူ “Chuck Feeney” ပဲဖြစ်ပါတယ်။
Chuck Feeney ဟာ ထင်ပေါ်ကျော်ကြားလိုသူ မဟုတ်ပါဘူး။ သူဟာ အမည်မဖော်တဲ့အလှူရှင်ဖြစ်တယ်။ သူဟာ ငွေကြေး ၈ဘီလီယံပိုင်ဆိုင်တဲ့ The Atlantic Philanthropies ကို သူတည်ထောင်ခဲ့ပြီး ပရဟိတလုပ်ငန်းနဲ့ဆိုင်တဲ့ အမေရိကန်ဥပဒေက ကင်းလွတ်အောင် အမေရိကန်နဲ့ဝေးတဲ့ Bermuda ကျွန်းစုမှာ သွားရောက် တည်ထောင်ခဲ့တာဖြစ်တယ်။ လုပ်ငန်းကိုလည်း သူ့နာမည်ဖြစ်တဲ့ Chuck Feeney ကို မပေးခဲ့တဲ့အပြင် အဲဒီမှာ အလုပ်လုပ်တဲ့လူတွေကိုလည်း ဘယ်သူ့ဆီမှာ အလုပ်လုပ်ကြောင်း မပေါက်ကြားစေခဲ့ပါဘူး။ သူ့တောင်းဆိုချက်ကြောင်း သူတို့လုပ်ငန်းက လှူဒါန်းခဲ့တဲ့ငွေတွေမှာ သူ့နာမည်ကို မှတ်တမ်းမတင်ခဲ့ကြဘူး။
၁၉၉၇ခုနှစ်ရောက်မှ Chuck Feeney တည်ထောင်ခဲ့တဲ့ Duty Free Shoppers Group ကို ပြင်သစ်ကနာမည်ကြီးတဲ့ Bernard Arnault က ဝယ်ယူလိုက်မှ သူ့ကို လူတွေသိခဲ့ကြတာဖြစ်တယ်။ အဲဒီကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို The Atlantic Philanthropiesထဲ သူအားလုံးလွှဲပြောင်းခဲ့တယ်။ သူလှူဒါန်းခဲ့တဲ့ငွေတွေဟာ Macarthur ၊ Rockefellerတို့တည်ထောင်ခဲ့တဲ့ နာမည်ကြီး ပရဟိတလုပ်ငန်းတွေထက် ပိုများခဲ့ပါတယ်။
သူ ထင်ထင်ပေါ်ပေါ် မနေခဲ့ဘူး။ လှူဒါန်းငွေတွေမှာလည်း နာမည်ကိုမဖော်ပြခဲ့ဘူး။ သူကိုယ်တိုင်တည်ထောင်ထားတဲ့ ၈ဘီလီယံတန် The Atlantic Philanthropies ကိုတောင် သူ့နာမည်နဲ့တည်ထောင်ဖို့ ငြင်းခဲ့တယ်။ နှစ်အတော်ကြာမှ လူတွေက သူ့ကိုသိခဲ့ကြတယ်။ သူဟာ တစ်ကမ္ဘာလုံးကို အံ့သြတုန်လှုပ်စေခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ထင်ထင်ပေါ်ပေါ် မနေချင်သူတစ်ယောက်ဟာ ထင်ပေါ်လာခဲ့တယ်။ ဒါပေမဲ့ သူတို့အဖွဲ့အစည်းက လှူဒါန်းမယ့်အကြောင်းတွေကို သူတို့မကြေညာတတ်သလို အလှူရှင်ဆိုတဲ့ စာတန်း၊ နာမည်တွေ ကမည်းမထိုးဖို့လည်း တောင်းဆိုခဲ့တယ်။ သူလှူဒါန်းတဲ့ အဆောက်အဦးတွေမှာ သူ့နာမည်ကို ကမည်းမထိုးဖို့ ပြောခဲ့ပါတယ်။
“အဆောက်အဦးတွေ ဘယ်သူဆောက်တယ်၊ ဘယ်သူလှူဒါန်းတယ်ဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက အဆောက်အဦး ဆောက်လုပ်ပြီးစီးဖို့ပဲ” လို့ သူကဆိုခဲ့ပါတယ်။
Chuck Feeney က သူဟာ “အဝတ်အစားစုတ်ပြတ်ပြတ်နဲ့ အလှူရှင်” လို့ဆိုခဲ့ပါတယ်။ သူရဲ့ချွေတာမှုက လူတွေကို အံ့သြစေခဲ့တယ်။ သူဟာ အဆောက်အဦးပေါင်းများစွာ ဆောက်လုပ်လှူဒါန်းခဲ့တယ်။ ပြင်သစ် နာမည်ကြီးခရီးသွားနေရာတွေ၊ လန်ဒန်အဆင့်မြင့်နေရာတွေနဲ့ နယူးယောက်ပန်းခြံ အနီးအနားတွေမှာ အဆင့်မြင့် အဆောက်အဦးပေါင်း ၆ခုရှိခဲ့ပေမယ့် ဒီကနေ့မှာ တစ်ခုမှ သူ့အတွက် သူချန်မထားခဲ့ပါဘူး။ သူဟာ ဇနီးနဲ့အတူ ဆန်ဖရန်စ္စကိုနေရာတစ်ခုမှာ အိမ်ငှားနေထိုင်ပြီး ဘတ်စကား၊ မြေအောက်ရထား၊ တက္ကစီတွေကိုပဲ အသုံးပြုနေခဲ့ပါတယ်။
Chuck Feeneyဟာ သူတည်ထောင်ခဲ့တဲ့ Duty Freeဆိုင်တွေကနေ ငွေကြေးများစွာ ရရှိခဲ့ပေမယ့် သူကိုယ်တိုင် နာမည်ကြီးတံဆိပ် အဝတ်အစားတွေကို မဝတ်ဆင်ခဲ့ပါဘူး။ သူစားတဲ့ အစားအသောက်တွေဟာလည်း ဆင်းရဲသားဆန်လွန်းခဲ့ပါတယ်။
“နာမည်ကြီး အဆင့်မြင့်စားသောက်ဆိုင်တွေမှာ ထမင်းတစ်နပ်ကို ဒေါ်လာ(၁ဝဝ)နဲ့ သင်စားနိုင်ပါတယ်။ ဒါပေမဲ့ ၂၅ဒေါ်လာတန်တဲ့ ထမင်းတစ်နပ်ကလည်း ကျွန်တော့်ကို ပြည့်ဝမှုတွေပေးနိုင်ပါတယ်” လို့ Chuck Feeney က ပြောခဲ့ပါတယ်။
Chuck Feeney မှာ သားသမီးငါးယောက်ရှိပြီး ဒီသားသမီးတွေဟာ ထူးခြားတဲ့အလိုလိုက်ခြင်း၊ ဥစ္စာပစ္စည်းတွေအပေါ် ဇိမ်ခံခြင်းတွေ မရှိခဲ့ပါဘူး။ ကျောင်းအားရက်တွေမှာ သူတို့ဟာ စားသောက်ဆိုင်၊ ဟိုတယ်တွေမှာ အလုပ်သွားလုပ်ရပါတယ်။ ကလေးတွေထဲက သမီးတစ်ယောက်က ဆယ်နှစ်ကျော်အရွယ်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းအကြာကြီး ပြောခဲ့မိလို့ ဖုန်းခဆောင်ရချိန်မှာ Chuck Feeney ဟာ အိမ်ကဖုန်းကို ဖြတ်တောက်ခဲ့ပါတယ်။ အိမ်ကဖုန်းနံဘေးမှာလည်း လမ်းဘေးဖုန်း တည်နေရာကို မြေပုံဆွဲကပ်ထားခဲ့တယ်။ သမီးရဲ့သူငယ်ချင်းကိုလည်း ဖုန်းခစာရွက်ကို ပို့ပေးခဲ့တယ်။ စစချင်းမှာ သမီးက သူငယ်ချင်းဖြစ်သူကို အားနာခဲ့ပေမယ့် နောက်ဆုံးဟာ Chuck Feeney လုပ်တဲ့အလုပ်ဟာ မှန်ကန်ကြောင်းထောက်ခံခဲ့တယ်။ ဖခင်ရဲ့ အမည်အဖော်တဲ့အလှူတွေကိုလည်း သားသမီးတွေက ထောက်ခံခဲ့ကြပြီး “အဖေ ဒီလိုလုပ်တာ နည်းနည်းတော့ထူးဆန်းပေမဲ့ ဒီလိုလုပ်လိုက်တဲ့အတွက် လှူဒါန်းခံရသူတွေရဲ့ အထူးတလည်ဆက်ဆံတာကို ကျွန်မတို့မခံရတော့ဘူး။ ကျွန်မတို့ဟာ တခြားလူတွေနဲ့ တန်းတူဖြစ်တယ်” လို့ ဆိုခဲ့ကြတယ်။
The Atlantic Philanthropies ရဲ့ အစည်းအဝေးမှတ်တမ်းတစ်ခုမှာ “သူဌေးတွေက သူတို့ပိုင်ဆိုင်သမျှကို ပရဟိတလုပ်ငန်းမှာ အသုံးပြုကြတယ်။ အမည်မသိနဲ့ ထင်ထင်ပေါ်ပေါ် မလှူဒါန်းခဲ့ရင် သူတို့ရဲ့နောင်မျိုးဆက်အတွက် အနှောင့်အယှက်တွေ ဖြစ်စေနိုင်တယ်လို့ ကျွန်တော်ထင်တယ်” လို့ ရေးခဲ့တယ်။ ထင်ထင်ပေါ်ပေါ်၊ ကျော်ကျော်ကြားကြားနေချင်သူတွေနဲ့စာရင် Chuck Feeneyက တမျိုးတဘာသာ ထူးခြားတယ်၊ ဆိတ်ငြိမ်တယ်လို့ ဆိုရလိမ့်မယ်။
Chuck Feeneyရဲ့ အလှူအတန်းတွေထဲမှာ “Operation Smile” လို့ခေါ်တဲ့လုပ်ငန်းတစ်ခုပါတယ်။ အဓိက,က နှုတ်ခမ်းကွဲကလေးသူငယ်တွေကို ခွဲစိတ်ကုသပေးဖို့ဖြစ်တယ်။ တစ်ခါက နှုတ်ခမ်းခွဲစိတ်ကုသနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ သူဆုံခဲ့တယ်။ ကောင်မလေးက ပါးစပ်ကိုလက်နဲ့အုပ်ထားပေမယ့် လှုပ်ရှားပျော်ရွှင်နေတဲ့ မျှော်လင့်စိတ်ကိုတော့ မဖုံးကွယ်နိုင်ခဲ့ဘူး။ ခွဲစိတ်ကုသပြီးနောက် ကောင်မလေးဟာ ပြုံးရယ်နေပြီး “ကျွန်မရဲ့ပုံစံက အရင်ကလို ရုပ်ဆိုးမနေတော့ဘူး”လို့ ဆိုနေသယောင်ရှိနေခဲ့တယ်။ ကောင်မလေးကိုကြည့်ပြီး Chuck Feeneyက “ဒီလိုအချိန်မျိုးမှာမှ ဥစ္စာပစ္စည်းက တန်ဖိုးရှိလွန်းတယ်” လို့ဆိုခဲ့ပါတယ်။
တစ်ခါက စားသောက်ဆိုင်တစ်ခုမှာ ကောင်လေးတစ်ယောက် Chuck Feeney ဆီလျှောက်လာပြီး “မစ္စတာရဲ့ ပညာတော်သင်ဆုကို ကျွန်တော်ရခဲ့ပါတယ်။ အခု ကျွန်တော်ဟာ ဒီစားသောက်ဆိုင်ရဲ့ မန်နေဂျာဖြစ်နေပါပြီ” လို့ဆိုခဲ့တယ်။
Chuck Feeneyဟာ ပြင်သစ်စကား၊ ဂျပန်စကားတွေကို ကောင်းစွာပြောနိုင်ပြီး ကမ္ဘာ့အရပ်ရပ် ခရီးသွားရတာကို နှစ်သက်ပါတယ်။ ရောက်ရာအရပ်မှာလည်း အလှူဒါနတွေ သူပြုလုပ်လှူဒါန်းလေ့ရှိတယ်။ The Atlantic Philanthropies လှူဒါန်းခဲ့တဲ့ဝန်းကျင်ဟာ ကမ္ဘာ့ဝန်းကျင်ထက် ကျော်လွန်နေခဲ့ပါပြီ။ ဗီယက်နမ်ကလေးငယ်တွေအတွက် ယာဉ်လမ်းစည်းကမ်းအလှူငွေ၊ သြစတေးလျ ကင်ဆာရှာဖွေရေးအတွက် လှူဒါန်းငွေ၊ ဖိလစ်ပိုင် မျက်နှာချွတ်ယွင်းကလေးငယ်အတွက် ပလပ်စတစ်ဆာဂျင်ရီ လှူဒါန်းငွေ စတာတွေရှိခဲ့ပါတယ်။
“လူတွေဟာ ငွေရှာပြီး သူဌေးသူကြွယ်လုပ်ကြတယ်။ လူအများရဲ့အာရုံကို ဖမ်းစားကြတယ်။ လူတွေကို ဘာလုပ်ပါလို့ ကျွန်တော်ပြောချင်တာမဟုတ်ဘူး။ ပရဟိတလုပ်ငန်းတွေမှာ ထည့်သွင်းလှူဒါန်းတာဟာလည်း ကျွန်တော်တို့ကို ပြည့်စုံမှု၊ ပြည့်ဝမှုတွေ ဖြစ်စေပါတယ်”
အခုခေတ်လက်ရှိ သန်းကြွယ်သူဌေးတွေဖြစ်တဲ့ ဘီလ်ဂိတ်၊ Warren Buffett တို့ဟာ ပရဟိတလုပ်ငန်းမှာ စံထားထိုက်တဲ့ သူတွေဖြစ်ပါတယ်။ Chuck Feeney ကတော့ ပရဟိတလုပ်ငန်းမှာ သူဌေးသူကြွယ်တွေအတွက် သင်ယူလေ့လာသင့်တဲ့ ဆရာကောင်းဆိုလည်း မှားမယ်မထင်ပါဘူး။
အခုလောလောဆယ် Chuck Feeneyမှာ မျှော်လင့်ချက်နှစ်ခု ရှိပါသတဲ့။ တစ်ခုက ၂ဝ၁၆ခုနှစ်မတိုင်ခင် သူပိုင်ဆိုင်တဲ့ ကျန်ရှိနေသေးတဲ့ ၄ဘီလီယံကို အကုန်လှူဒါန်းချင်တာဖြစ်ပါတယ်။ အခုချိန်ခါမှာ အဲဒီငွေထဲက ၄မီလီယံဟာ ကမ္ဘာ့အရပ်ရပ်က လိုအပ်သူတွေအတွက် နှစ်စဉ်လှူဒါန်းငွေတွေဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့နေရာတိုင်းမှာ အကူအညီလိုသူတွေ အများကြီးရှိသေးကြောင်း Chuck Feeney က ခန့်မှန်းပါတယ်။ ဒါကြောင့် လှူဒါန်းငွေတွေကို မကြန့်ကြာစေခဲ့ပါဘူး။
“ဒီငွေတွေကို ကျွန်တော်မလှူဒါန်းနိုင်ခဲ့ရင် ကျွန်တော်အသေဖြောင့်မှာ မဟုတ်ဘူး” လို့ Chuck Feeney က အရယ်တစ်ဝက်နဲ့ ဆိုခဲ့ပါတယ်။
သူ့ရဲ့နောက်မျှော်လင့်ချက်တစ်ခု က သူဌေးသူကြွယ်တွေ စံနမူနာယူတတ်ဖို့ ဖြစ်ပါတယ်။ “ဘဝမှာနေထိုင်ရတာ ပျော်ရွှင်ကြည်နူးသလို လှူဒါန်းမှုတွေကိုလည်း လုပ်ပါ” လို့ သူကဆိုပါတယ်။
သတင်းထောက်တွေက Chuck Feeney ကို ဘာကြောင့် တစ်ပြားတစ်ချပ်မှမချန်ဘဲ လှူဒါန်းမှုတွေ လုပ်နေသလဲလို့မေးတော့ Chuck Feeney က ရိုးရိုးရှင်းရှင်းပဲ ဖြေခဲ့ပါတယ်။
“အလောင်းဝတ်တဲ့အဝတ်အစားမှာ အိတ်ကပ်မရှိလို့ပါ” တဲ့…
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
လေးစားစွာဖြင့် Blacker