အလောင်းတော်ကဿပ လိုဏ်ဂူအတွင်းကို ဝင်ခွင့်ရခဲ့တဲ့ ဝါယမဆရာတော် ပြောပြတဲ့ လျှို့ဝှက်ချက်များ

အလောင်းတော်ကဿပ လိုဏ်ဂူ ရဲ့ အတွင်းမှာ အလောင်းတော်ကဿပ မထေရ်မြတ်ကြီးသည် ကျောက်ညိုပြားကြီးပေါ်၌ ပက်လက်ရှိနေ၏။ ကျောက်ညိုပြားကြီးမှာ အလျား ၉ တောင်၊ အနံ ၄ တောင် ၂ မိုက် ၊ ထု ၁ တောင်ရှိကာ အပေါ်တွင် ပတ္တမြား ၊ မြ ၊ စိန် ၊ ပုလဲ စသည့်ရတနာများမှာ ရောင်စဉ်တဖြတ်ဖြတ်နှင့် တောက်ပစွာ ဖြာထွက်နေ၏။

ဝတ်ရုံထားသောသင်္ကန်းမှာ သစ်ခေါက်အရောင်ဆိုး ဖြစ်၍ ဆွေးမြေ့နေ၏။ ဦးခေါင်းတော်တွင် ဆံအုံမှာ ဆန်ကောဝိုင်း ပမာဏရှိ၍ ရှုပ်ထွေးနေ၏။ နဖူးပေါ်ကျသော ဆံတော်ကို တိုင်းကြည့်ရာ ၅ တောင်နှင့် လက် ၃ လုံးရှိ၏။ မျက်လုံး မှိတ်နေ၏။ နထင်နရင်းများမကျပေ။ လူရှင်တယောက် အိပ်နေသကဲ့သို့ရှိ၏။

နှုတ်ခမ်းမွေးများရှည်ထွက်နေ၏။ ခြေလက်သည်းများရှည်ထွက်နေပြီး ၂ လက်မခန့်ရှိ၏။ ဘုရားထုရန် ညှပ်၍ယူခဲ့၏။ လက်များမှာ လူရှင်တယောက်ကဲ့သို့ ကွေး၍ရ၏။ အသားအရေ ကလည်းကွေး၍ရ၏။

အလွန်ပီတိဖြစ်၍ ကြည်ညိုလှသဖြင့် နှစ်ထပ်သင်္ကန်းကြီးကို လွှမ်းလှူလိုက်၏။ အလျားလိုက်လွှမ်းက ဒူးဆစ်အောက်ခန့်သာရောက်၏။ အနံလိုက်လွှမ်းသောအခါ ချေသလုံးသုံးချိုး တချိုးခန့်ရောက်၏။ ကိုယ်တော်ကြီး၏ အရပ်မှာ ၆ တောင် ၁ ထွာ နှင့် လက် ၃ လုံးရှိ၏။

ကိုယ်တော်နှင့် ၃ တောင်ခန့်အကွာတွင် အမြဲလင်းနေသော ကျောက်ဖယောင်းတိုင်ကြီး ၃ တိုင်က လူတရပ်ခန့်မြင့်၏။ လုံးပတ် ၂ ထွာ နှင့် လက်တအုပ်ရှိ၏။ အောက်ချေတွင် အင်တုံပက်ကြီးများခံထား၏။ လတ်ဆတ်သောပန်းရနံ့များ လိုဏ်ဂူအတွင်း မွှေးပျံ့နေ၏။

ဂူပေါက်အဝင်ဝ ရေစီးကြောင်းတွင် သစ်သားပြားပေါ် ရတနာများတင်လှူ၍ မျှောပါကပြန်ထွက်လာသော် ရတနာပစ္စည်းများ ပြန်ပါမလာဟုကြားဘူး၏။ နတ်များကဆောင်ဟန်တူ၏။ ဤနည်းဖြင့်လှူတန်းထားသော ရွှေဆွဲကြိုး လက်ကောက်ခြေခြင်း နားဋောင်း ရွှေပြားငွေပြား မျိုးစုံ လှည်း ၅ စီးတိုက်ခန့်ရှိမည်ထင်၏။

(အမရပူရမြို့ သတ္တမမြောက် ကျော်အောင်စံထားဆရာတော်၏ အလောင်းတော်ကဿပ ခရီးသွားမှတ်တမ်း) မှ အကျဉ်းချုပ်ကုသိုလ်ပြု ပူဇော်ပါသည်။ မှတ်တမ်းမှာ အလွန်ရှည်လျား၍ ပြည့်စုံလှပါသည်။

သတ္တမမြောက် ကျော်အောင်စံထားဆရာတော်၏ ဘွဲ့အမည်မှာ အရှင်ဝါယမာဘိဝံသ ဖြစ်၍ ၁၃၁၆ ခု တပို့တွဲလဆန်း ၁ ရက်နေ့ အလောင်းတော်ကဿပ လိုဏ်ဂူတော်သို့ စတင်ခရီးထွက်ခဲ့သည်။ အဓိဋ္ဌာန်အောင်မြင်၍ ကျောက်တံခါးကြီးပွင့်ပြီး အတွင်းသို့ဝင်နိုင်ခဲ့ကာ… အလောင်းတော် ကဿပမထေရ်မြတ်ကြီးအား ပူဇော်
ကန်တော့နိုင်ခဲ့လေသည်။

ဣမံဒါရနံ ဓမ္မဒါန ဗောဓိဉာဏဿ
နိဗ္ဗာန်နပစ္စယော ဟောတု

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page