“ဥဩဧစီ ပွေးလှတည်” ရဲ့ ရှမ်းပြည်တောင်ပိုင်းက စော်ဘွားဟော်နန်းဆီသို့ အလည်တစ်ခေါက်

“ဥဩဧစီ ပွေးလှတည်” ရဲ့ စော်ဘွားဟော်နန်းဆီသို့ အလည်တစ်ခေါက်”

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ပင်းတယမြို့နယ် ပွေးလှတိုက်နယ်ကျေးရွာလေးဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၄၄၄၄ ပေအထက်မှာရှိပြီး မြို့တစ်မြို့အဖြစ်မြို့အင်္ဂါရပ်နဲ့ညီနေပြီမို့ “ပွေးလှမြို့မ” စျေးပင်ရှိနေပါပြီ…

တောင်ကြီး – ဟဲဟိုးမြို့မှတဆင့် ဘော်ဆိုင်း လမ်းခွဲကနေ ကီလို ၂၀ အကွာတွင် ပွေးလှသို့… ဆိုသည့်လမ်းခွဲလေးဟာ သင့်ရဲ့ဘယ်ဘက်မှာရှိနေတာမို့ဘယ်ကွေ့ပြီး ကားလမ်းအတိုင်း ဆက်သွားရင် ၉ ကီလိုမီတာအကွာတွင် ” ရှောက်ပင်ရွာ ” လမ်းခွဲကိုရောက်ပါမည် ။ အဲ့ဒီကနေတဆင့် ဘယ်ဘက်ကိုထပ်ကွေပါ ၊ ၄ ကီလိုမီတာခန့်ဆက်မောင်းတာနဲ့ ” ပွေးလှ ” တိုက်နယ်ကျေးရွာကြီးကိုရောက်ရှိမှာဖြစ်ပါတယ် ။ လမ်းတွေအရမ်းကောင်းပါတယ် ။

လမ်းတစ်လျှောက်သာယာလှပတဲ့တောင်ကုန်းထက်ကရောင်စုံခြယ်တောင်ယာစိုက်ခင်းအလှအပများက ဓါတ်ဖမ်းလို့အင်မတန်ကောင်းပါသည် ၊ တစ်ကယ်ကိုပင်သာယာလှပတဲ့ သွေးချင်းတို့မြေ ဓနုဌာနေမြေလေးပါ။

ပွေးလှမြို့လေးဟာ သပ်သပ်ရပ်ရပ်နဲ့ အေးချမ်းသာယာလှပါသည် ၊ ” ဥဩဧစီ ပွေးလှတည် ” ဆိုသည့်ဆိုရိုးစကားအတိုင်း ကောဇာသက္ကရာဇ် (၁၁၁၃) ခုနှစ်မှာရွာတည်ခဲ့တဲ့အတွက် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀ ခန့်က ရွာတည်ခဲ့တယ်လို့သမိုင်းမှတ်တမ်းများအရဖတ်ရှူ့မှတ်သားခဲ့ရပါသည် ။

ယခုတော့မြို့နယ်ခွဲအဆင့်နီးပါး တိုးတက်ပြောင်းလဲနေပါပြီ ၊ ပင်းတယမြို့နဲ့ ၈ မိုင်ခန့်သာကွာဝေးပါသည် ။ အဲ့ဒီမှာ စိတ်ဝင်စားစရာကောင်းတဲ့ ပွေးလှစော်ဘွားကြီးစဝ်စံမြဟော်နန်းကြီးဟာ မြို့ရဲ့ကျက်သရေဆောင်အဖြစ်တည်ရှိနေတာကို ခန့်ညားထည်ဝါစွာတွေ့မြင်ခဲ့ရပါတယ် ၊ မြေ ၂ဧကအကျယ်အဝန်းရဲ့အလယ်မှာရှေးဗိသုကာပညာရှင်များက ကျောက်စရစ်များနဲ့ထွင်းထုဆောက်လုပ်ထားတာမို့ ယနေ့အထိခိုင်ခိုင်ခံ့နဲ့သပ်သပ်ရပ်ရပ်ရှိလှပါတယ် ၊ ဟော်နန်းတည်ဆောက်စဉ်က အိန္ဒိယလူမျိုးများကကျောက်စရစ်ထုထွင်းပြီးတရုတ်လက်သမားများကဆောက်လုပ်ခဲ့တယ်လို့ လေ့လာသိရှိခဲ့ရပါတယ် ။

သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၂၃ နှစ်ရှိပြီဖြစ်ပြီး စော်ဘွားကြီးတွင်သားသမီး ၈ ယောက် ထွန်းကားခဲ့တယ်လို့သိရပါတယ် ၊ ၇ ဦးမှာကွယ်လွန်သွားခဲ့ကြပြီး သမီးတော်ဖြစ်သည့် အသက် ၈၅ နှစ်အရွယ် အဖွားဒေါ်စဝ်မြအေးတစ်ဦးတည်းသာအသက်ရှင်လျှက် ဟော်နန်းကြီးတွင်နေထိုင်လျှက်ရှိသည်ဟုသိရှိရပါသည် ၊ ကျွန်တော်တို့ရောက်ရှိသွားချိန်မှာတော့ အဖွားဒေါ်စဝ်မြအေးဟာ နောက်ဘက်အခန်းရဲ့ကုတင်ပေါ်မှာ နာမကျမ်းဖြစ်လျှက် လဲလျောင်းနေတာကိုမြင်တွေ့ခဲ့ရပါတယ် ၊ ဟော်နန်းရဲ့အတွင်းပိုင်းနဲ့ အပေါ်ထပ်ကိုတက်ရောက်လေ့လာကြည့်ချင်ပေမယ့် အခွင့်မသာ၍တက်ခွင့်မရခဲ့ပါဘူး ။

အဖွားဒေါ်စဝ်မြအေးဟာ တောင်ကြီးတက္ကသိုလ်မှာ သမိုင်းပါမောက္ခအဖြစ်ပင်စင်ယူတဲ့အချိန်အထိတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ် ၊ အပျိုကြီးဘဝနဲ့တစ်ကိုယ်တည်းအရိုးထုတ်ကာ ပင်စင်ယူချိန်မှာတော့ ဒီစော်ဘွားဟော်နန်းတိုက်မှာဘဲယခုထိနေထိုင်နေဆဲဖြစ်ပါတယ် ။

ဟော်နန်းရဲ့အပေါ်ထပ်မှာအခန်းပေါင်း ၁၀ ခန်းနဲ့ အရှေ့အနောက် လေသာဆောင် နှစ်ဆောင်ရှိပါတယ် ၊ ထိုနည်းတူစွာအောထပ်မှာလည်း အခန်းပေါင်း ၁၀ ခန်းပါရှိပါတယ် ။ ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ရှေးဟောင်းစော်ဘွားဟော်နန်းများစွာထဲက အကောင်းပကတိအတိုင်းကျန်ရှိနေသေးတဲ့စော်ဘွားဟော်နန်းတွေဟာ လက်ချိုးရေတွက်လို့ပင်ရပါသည် ။

ဒါ့ကြောင့်တိုင်းရင်းသားဒေသတွေမှာရှိတဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ရှေးဟောင်းအမွေအနှစ်တွေဖြစ်တာမို့ အားလုံးတန်ဘိုးထားချစ်မြတ်နိုးကြဘို့လည်းလိုပါတယ် ခင်ဗျာ ။

အမှတ်မထင်ပင်းတယမြို့နယ်ထဲကဘုရားစုံတွေကိုဘုရားဖူးခရီးသဉ်အဖြစ်အလည်အပတ်ရောက်ရှိခဲ့ကြမယ်ဆိုရင်ဖြင့် ပွေးလှရွာလေးကိုလည်း ဝင်ရောက်လည်ပတ်လေ့လာနိုင်ကြပါတယ်လို့…

ကျေးဇူးတင်ပါတယ်…

သွားရောက်လည်ပတ် ရေးသားသူ – စည်သူမောင် (SiThu Maung)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page