ကလေးမြို့ လေဆိပ်ကို ရက်အကန့်အသတ် မရှိ ပြန်ပိတ်ခဲ့ရတဲ့ အကြောင်းအရင်း
စစ်ကိုင်းတိုင်း၊ကလေးမြို့က ကလေးလေဆိပ်ကို ကိုဗစ်ရောဂါအခြေအနေကြောင့် ပိတ်ထားရာကနေ အောက်တိုဘာ ၂၇ ရက်မှာတော့ လေယာဉ်ဆင်းသက်၊ ထွက်ခွါခွင့်တွေကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဒါပေမယ့်လည်း ယနေ့(ဒီဇင်ဘာ ၆ ရက်)ကစပြီး လေဆိပ်ကို ရက် အကန့်အသတ်မရှိယာယီပြန်ပိတ်ခဲ့ပါတယ်။
ကလေး-မုံရွာ ကားလမ်းမှာ ပေါက်ကွဲတာတွေရှိနေတာကြောင့် စကစက လေယာဉ်ခရီးစဉ်တွေ ပြေးဆွဲပေးမယ်လို့ ကြေညာထားပေမဲ့လည်း လတ်တလော လေဆိပ်ကို ပိတ်လိုက်တာကြောင့် အဲဒီခရီးစဉ်ကပျက်ပြယ်ခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ခရစ်စမတ်ကာလအချိန်မှာ လေဆိပ်ကို ပိတ်လိုက်လို့ ဒုက္ခရောက်ကြောင်း၊ ပိတ်ရက်မှာ အိမ်ပြန်လာမယ့်လူတွေ မပြန်နိုင်တော့ကြောင်း၊ ကားတွေ မထွက်ရဲလို့ လေယာဉ်ကိုပဲ အားကိုးနေရကြောင်း ဒေသခံ တဦးက ပြောပါတယ်။
ရန်ကုန်မြို့က ခရိးသွား အေဂျင်စီ တခုကတော့ သတင်းက သေချာသွားပြီ ဖြစ်ကြောင်း၊ တရားဝင်စာတော့ မထွက်သေးကြောင်း၊ လေယာဉ်လက်မှတ်တွေကိုတော့ ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ အရောင်း ရွှေ့ဆိုင်းထားကြောင်း ပြောပါတယ်။