နိုင်ငံခြားမှ အလှူရှင်သူဌေးကြီးနှင့် ပညာရေးဝန်ကြီး၏ စီမံခန့်ခွဲ အကောင်အထည်ဖော်လိုက်ပုံ
အလှူဒါန မွဲကြသူမှာ…
တစ်နေ့သ၌ နိုင်ငံခြားမှ သူဌေးကြီးတစ်ဦးသည် ကျေးရွာတစ်ရွာကိုဖြတ်သွားစဉ် ရေဆာသဖြင့် စာသင် ကျောင်းလေးတစ်ကျောင်းရှေ့တွင် ကားကိုရပ်လိုက်သည်။
သူက ကျောင်းထဲကို ဝင်ပြီး လက်ဟန်ခြေဟန်နှင့် ရေသောက်ချင်ကြောင်း ပြောသည်။ ကလေးတွေက သူ့ကို ရေအိုးစင်ဆီသို့ခေါ်သွားသည်။ သူဌေးကြီးက ရေအိုးစင်မှရေကို ခပ်သောက်ရန်ပြင်သည်။ ရေတွေက နောက်ပြီး ပူနေသည်။ သူက နောက်မှ ပါလာသူကို
“သူတို့ ဒီလိုရေတွေပဲသောက်သလား”
“ဟုတ်တယ် … သူတို့က ဒီလိုရေတွေပဲသောက်ရတယ်”
“ကျောင်းတွေမှာ ရေသန့်စက် မရှိဘူးလား”
“မရှိဘူး”
သူဌေးကြီးက ရေလည်းမသောက်၊ ကားပေါ်တက်ပြီး ခရီးဆက်ထွက်သွားသည်။ နောက်မကြာမီ နိုင်ငံခြားမှ သူဌေးကြီးတစ်ဦးက ပညာရေးဌာနကို ရေသန့်စက်များလှူဒါန်းလိုကြောင်း အကြောင်းကြားစာရောက်လာသည်။ ပညာရေးဌာနက ဝန်ကြီးအပါအဝင် တာဝန်ရှိသူများ အရေးပေါ်အစည်းအဝေးထိုင်ကြသည်။
ပညာရေးဝန်ကြီးက.. “ရေသန့်စက်ဆိုတာ လျှပ်စစ်မီးရှိမှဖြစ်မှာ။ လျှပ်စစ်မီးမရှိတဲ့ကျောင်းတွေအတွက် ဘယ်လိုလုပ်မလဲ”
ဒါရိုက်တာတစ်ယောက်က ထဆွေးနွေးသည်.. “ပြည်ပအားကိုးတယ်ဆိုတာ မကောင်းပါဘူး… ပြည်ပက အကူအညီဆိုတာ စေတနာနဲ့ ပေးတာ မဖြစ်နိုင်ပါဘူး”
ကျန်းမာရေးတာဝန်ခံက.. “ဘာဖြစ်ဖြစ်လေ ရေကောင်း ရေသန့်တွေ သောက်နိုင်အောင် ရည်ရွယ်တယ်ဆိုတော့ ကျောင်းတွေအတွက် တစ်ခုခု လုပ်ပေးနိုင်ရင် မကောင်းဘူးလား … ရေသန့်စက် မဖြစ်နိုင်လည်း ရေသန့်သောက်နိုင်ဖို့ တစ်ခုခုပေါ့”
ဝန်ကြီးကပြောသည်.. “လှူတဲ့လူရဲ့ စေတနာကို မပျက်စေချင်ဘူး … သူက ရေသန့်စက်လှူတယ်ဆိုတော့ ရေသန့်စက်ပဲ ဖြစ်သင့်တယ် … ကျုပ်ညီတစ်ယောက်က ရေသန့်စက်တွေ နိုင်ငံခြားက တင်သွင်းနေတဲ့ လိုင်စင်တစ်ခု ရထားတယ် … သူနဲ့ ဆွေးနွေးကြည့်ရင် ကောင်းမယ်”
“ဒါပေမဲ့ ဝန်ကြီးရှင့် ရေသန့်စက်ဆိုတာ ကျောင်းတွေကို ပို့ရင် လျှပ်စစ်မီးကလည်း လိုလာပါလိမ့်မယ်” “ဒါဆိုရင် လျှပ်စစ်မီးအတွက် ဂျင်နရေတာပါ ဌာနကနေ ထုတ်ပေးနိုင်အောင် ပူးတွဲစဉ်းစားရင် ကောင်းမယ်”
“ဝန်ကြီးခင်ဗျား.. ကျွန်တော့် မိန်းမက ဂျပန်ထုတ် ဂျင်နရေတာတွေကို တင်သွင်းခွင့်လိုင်စင် ရထားပါတယ်”
တာဝန်ရှိသူ တစ်ယောက်ကထပြောသည်.. “ဂျပန်က ဈေးကြီးတယ်ဗျ” “တရုတ်ထုတ်တွေကို ဂျပန်တံဆိပ်ကပ်ပြီး ပြည်တွင်းမှာရောင်းနေကြတာ အများကြီးပါ”
ဝန်ကြီးကမေးသည်.. “ဒါနဲ့ အဲဒီသူဌေးကြီးက ပစ္စည်းလှူမှာလား …. ဒေါ်လာလှူမှာလား”
“ဒေါ်လာပဲလှူမှာပါဝန်ကြီး”
“ကောင်းပြီလေ ကျောင်းတွေမှာ ရေသန့်စက်ထားရှိရေး စီမံချက်ရေးဆွဲပြီးတော့ တစ်ပတ်အတွင်း ကျုပ်ကို တင်ပြ”
တစ်ပတ်ကြာသောအခါ စီမံချက်တစ်စောင် တက်လာသည်။ ဝန်ကြီးကဖတ်ပြီး ထပ်ဆင့်အမိန့်ထုတ်သည်။ ထပ်ဆင့်အမိန့် ပြည်နယ်များကို ထပ်ဆင့်ပို့သည်။
“ကျောင်းများတွင် ရေသေတ္တာထားရှိရေးစီမံချက်”
သက်ဆိုင်ရာ ဒေသအသီးသီးရှိ အာဏာပိုင်များထံ ညွှန်ကြားစာရောက်လာသည်။ စာကို နားလည်ရခက်စွာ ဘာသာပြန်ကြသည်။ ညွှန်ကြားစာပါ “ရေသေတ္တာ” ဆိုသည်ကို မည်သူမျှ နားမလည်နိုင်အောင်ဖြစ်နေကြ သည်။
“ဘာဖြစ်လို့ ကျောင်းတွေမှာ ရေသေတ္တာလိုသနည်း” ဒေသဆိုင်ရာ အာဏာပိုင်များက ဝေဝါးကုန်ကြသည်။ အချို့ဒေသများက “ရေ” သည်အမှန်ဖြစ်နိုင်သည်။ “သေတ္တာ” ကို မှားရိုက်မိခြင်းဖြစ်မည်ဟု ယူဆကြသည်။ အချို့ကလည်း “သေတ္တာ”က အမှန် “ရေ” ကအပိုဟုထင်ကြသည်။
သို့ဖြစ်ရာ ဒေသဆိုင်ရာ အာဏာပိုင်များကတစ်ဆင့် သက်ဆိုင်ရာ ကျောင်းများကို အမိန့်ထပ်ထုတ်လိုက်ရာ.. “ကျောင်းများတွင် ရေထားရှိရေး စီမံချက်” “ကျောင်းများတွင် သေတ္တာထားရှိရေး စီမံချက်” နှစ်ခုကွဲပြားကုန်သည်။
ရေရှားသည့် ဒေသတွေက ကျောင်းများတွင် ရေရရှိနိုင်ရေးကို စီမံချက်တွေတင်ကာ ကျေးရွာပြည်သူတွေနှင့် ပူးပေါင်းပြီး ကျောင်းများတွင် ရေတူးရှိရန် နှိုးဆော်သည်။
သူခိုးပေါသည့်ဒေသတွေက ကျောင်းရှိပစ္စည်းများ ပျောက်မည်ထင်သောကြောင့် ထုတ်သည့်အမိန့်ထင်ပြီး သေတ္တာတွေလုပ်စေကာ ကျောင်းရှိပစ္စည်းအကုန်ထည့်သွင်း သိမ်းဆည်းနိုင်စေရေး စီစဉ်ကြသည်။ မည်သို့ဆိုစေ ပညာရေးဝန်ကြီးက ကျောင်းတွေကို သတ်မှတ်ငွေချပေးသည်။ ထိုငွေမှာ သောက်ရေအိုး တစ်လုံးစီသာ ဝယ်နိုင်သည်။
ထို့ကြောင့် သေတ္တာဝယ်ထားသော ကျောင်းအုပ်တွေက အိတ်စိုက်ရသည်။ ပိုဆိုးသည်မှာ ရေကန်တူးသူတွေ။ အဝီစိတွင်းတူးသော ရွာတွေဖြစ်သည်။ သူတို့ကလည်း ဘတ်ဂျက်အကြီးကြီးက ငွေတွေအများကြီး ချပေးမည် ထင်သောကြောင့် မျှော်လင့်ချက်တွေနှင့် လုပ်ကြသည်။ ပြဿနာတက်ကုန်သည်။
ကျောင်းတစ်ကျောင်းက ကျောင်းအုပ်ဆရာမကြီးဆိုလျှင် စေတနာတွေပိုပြီး သေတ္တာထက်ကောင်းသော မြေတိုက်ခန်းဆောက်လိုက်သည်။ ငွေပြန်ရမည်ထင်ပြီး သူ့အိမ်ကိုပေါင်ဆောက်လိုက်ရာ အထက်က ကျလာသည်မှာ သောက်ရေအိုးဖိုးလောက်ဖြစ်နေသောကြောင့် ရူးသွားသည်။
ပညာရေးဝန်ကြီးဌာနက ဂုဏ်ပြုပွဲလုပ်သည်။
“ကျောင်းများသို့ ရေသန့်စက်လှူဒါန်းသူအား ဂုဏ်ပြုပွဲ”
ဂုဏ်ပြုပွဲကို နာမည်ကျော် ဟိုတယ်ကြီးတစ်ခုတွင်လုပ်သည်။ ဂုဏ်သရေရှိ လူကြီးလူကောင်းများ၊ နိုင်ငံခြား သံရုံးများမှ ဧည့်သည်တော်များ တက်ရောက်ကြသည်။ ထို ဂုဏ်ပြပွဲ၏ စပွန်ဆာမှာ ဂျင်နရေတာနှင့်ရေသန့်စက် ကုမ္ပဏီကြီးတစ်ခုကဖြစ်သည်။
အခမ်းအနားတွင် ကျောင်းများ၌ ရေသန့်စက်တွေကို ထားရှိပြီး ကျောင်းသားတွေ တန်းစီရေသောက်နေပုံ တွေကို ပြထားသည်။
ပညာရေးဝန်ကြီးက မိန့်ခွန်းပြောသည်..
“ယခုဆိုလျှင် ကျောင်းများတွင် အလှူရှင်လှူဒါန်းသော ရေသန့်စက်သာမက အစိုးရ၏ စေတနာကြောင့် ဂျင်နရေတာများကိုပါ တပ်ဆင်နိုင်ပြီဖြစ်ကာ ပညာရေးတစ်ခေတ်ဆန်းလာပြီဖြစ်သည် … ယင်းမှာ အစိုးရ၏ အမြော်အမြင်ကြောင့်ဖြစ်သည် … ပညာရေးကို ခေတ်မီဖွံ့ဖြိုးအောင် ကျွန်တော်တို့ လုပ်ဆောင်နိုင်ခဲ့ပြီ” ဟုဆိုသည်။
အားလုံး လက်ခုပ်ဩဘာပေးကြသည်။
(အိန္ဒိယနိုင်ငံတွင်ဖြစ်သည်)
တင်ညွန့် (၂၃.၇.၂၀၂၀)