ခေါစီ (သို့) ဆောင်းတွင်းမှာ တကြိမ်မျှ မစားဘူးရင် မပြည့်စုံဘူးလို့ ထင်ရတဲ့ အညာဒေသ ရိုးရာမုန့်တမျိုး
သူ့နာမည်က ခေါစီ။ ကန့်ဘလူ ကောလင်း ဝန်းသို တစ်ဝိုက်ကလူမှန်ရင် ခေါစီကို သိကြသည်။ ရှမ်းပြည်က ခေါပုတ်နှင့် တူသယောင်ရှိသော်လည်း မတူ။
ရှမ်းပြည်ကခေါပုတ်ကအပြားသေးသည်။ ကန့်ဘလူ ကောလင်း ဝန်းသို တစ်ဝိုက်က ခေါစီက အပြား ကြီးသည်။ ရှမ်းပြည်က ခေါပုတ်ကိုအများအားဖြင့် ကြော်၍စားကြသည်။ ကန့်ဘလူနယ်တစ်ဝိုက်က ခေါစီကိုကား အများအားဖြင့် ကင်ပြီးစားကြသည်။ ကြော်စားသည်လည်း ရှိသည်။ ကန့်ဘလူနယ်သား မှန်ရင်တော့ အနည်းဆုံးတစ်နှစ်တစ်ခါလောက် ခေါစီထုစားကြသည်။
များသောအားဖြင့် မိုးအကုန်ဆောင်းအကူး မှာဖြစ်စေ ဆောင်းတွင်းမှာဖြစ်စေ ထုစားကြသည်။ ဦးဦးဖြားဖြား ကောက်ညှင်းစပါးရိတ်ပြီးစမှာ အစား များသည်။ ကောက်ညှင်းစပါးရိတ်ပြီး၍ ဆန်ကြိတ်ပြီးလျှင် ခေါစီးထုစားကြသည်။
ခေါစီထုရန် ပေါင်းချောင်ဖြင့် ကောင်းညှင်းကို ပေါင်းရသည်။ ပြီးလျှင် စကောထဲ ကို ပီနံအိတ်ဖြန့်ခင်း ထားသည်။ ပီနံအိတ်ကို ဆီသုတ် သည်။ ပေါင်းထားသောကောက်ညှင်းပေါင်းပူပူလေး ကို ဆီသုပ်ထားသော ပီနံအိတ်ထဲကို ထည့်သည်။ ပြီးလျှင် ပီနံအိတ်ကိုလိပ်၍ တင်းပုတ်ဖြင့် ထုသည်။ ထောင်းသည်။အရှေ့အိမ်အနောက်အိမ် ခေါစီထုချိန် တိုက်နေလျှင် အပြိုင်ထုနေကြသယောင် ထုသံ ထောင်းသံများ ဆူညံနေတတ်သည်။
ပေါင်းထားသော ကောက်ညှင်းများ ညက်ပြီ ဆိုလျှင် လက်ကိုဆီသုပ်၍ ထုထားသော ကောက်ညှင်းများကို အဆင်ပြေသလောက် ပြားရသည်။ ပြားပြီးလျှင် စကောထဲမှာပဲ စီထားသည်။
ကန့်ဘလူ ကောလင်းတစ်ဝိုက်မှာ ဆောင်းတွင်း ဆိုလျှင် အလွန်ချမ်းသည်။ ချမ်းချမ်းနှင့် မနက်စော စောထ၍ မီးလှုံကြရသည်။ မီးဖိုဘေးမှာဝိုင်းပြီး မီးလှုံရင်း ခေါစီကင်စားကြသည်။ စားလျှင်လည်း သီးသန့်မစား။ တို့စရာနှင့် တို့၍ စားကြသည်။
လက်ဖက်ရည်သောက်လျှင် အီကြာကွေး စသည်ဖြင့် တို့စားကြသလိုပင်ဖြစ်သည်။ ခေါစီ ကင်စားပြီဆိုလျှင် တို့စရာအမျိုးမျိုးနှင့် တို့ပြီး စားကြသည်။ အဆင်ပြေလျှင် ပြေသလို အတို့ကို စီစဥ်ကြသည်။
အချို့က ကြက်သားစသည့် အသားများနှင့်တို့စားကြသည်။ အချို့က ခရမ်းသီး မီးဖုတ်သုတ်နှင့် တို့စားကြသည်။အချို့က ခရမ်းချဥ်သီး ငရုပ်သီးဖျော်နှင့် တို့စားကြသည်။ ငါးချဥ်နှင့် လည်း တို့စားကြသည်။ မိမိတို့နှင့် အဆင်ပြေသလို လုပ်စားကြသည်။
အချို့က နှစ်ကြိမ်သုံးကြိမ်ထုပြီး စားကြသည်။ အနည်းဆုံး တစ်ခါလောက်တော့ လုပ်စားကြသည်။ မနက်ပိုင်း စပါးရိတ်သွားပြီးဆိုလျှင်လည်း စပါးရိတ်သမများကို ခေါစီကျွေးကြသည်။ စပါးချွေ စပါးယပ် စသည့်အချိန်များတွင်လည်း ခေါစီ ကျွေးသည်။
ဆောင်းတွင်းမနက်များတွက်ကား ခေါစီနှင့်သာ ကျွေးမွေးဧည့်ခံသည်။ မိမိတို့ ဦးဦးဖြားဖြား ထုထားသောခေါစီကို ရွာဦးကျောင်းသို့ သွားရောက် လှူဒါန်းကုသိုလ်ယူ ကြသည်။ တောင်ကြီး ပြင်ဦးလွင် စသည့်မြို့များ၌ ဆောင်းနှင့် ချယ်ရီကို တွဲပြီးမြင်ကြသလို ဒီဘက် နယ်များ၌ ဆောင်းတွင်းသင်္ကေတဆိုလျှင် ခေါစီကို ပြရပေလိမ့်မည်။
ဆောင်းတစ်တွင်းလုံးမှာ ခေါစီကို တစ်ကြိမ်မှ မစားရလျှင် တစ်ခုခုလိုနေသလို ခံစားနေရပေလိမ့် မည်။ နယ်သူနယ်သားများ အဝေးသို့ရောက်နေလျှင် ဆောင်းတွေင်း ရောက်သောအခါ ခေါစီကို သတိရ ထမ်းတမိပေလိမ့်မည်။
ယခုအချိန်သည်ကား ဆောင်းပင်ဖြစ်သည်။ အလွန်အေးသည်။ ခေါစီ လည်း အတော်ပေါသည်။ အဝေးရောက် ကန့်ဘလူနယ်သားများလည်း ခေါစီကို သတိရနေလိမ့်မည် ထင်သည်။ မစားဖူးသူများလည်း ကန့်ဘလူ ကောလင်း ဝန်းသိုနယ်ဘက်သို့ ဆောင်းတွင်းအချိန်တွင် ရောက် ဖြစ်ခဲ့လျှင် ဒေသအစားစာ ခေါစီကို မဖြစ်မနေ စားကြည့်ကြဖို့ တိုက်တွန်းလိုက်ချင်ပါသည်။
မောင်ရေချမ်း(ကန့်ဘလူ)