ဆန်၊ ဆီ၊ ကြက်ဥ သုံးမျိုးတွဲကို ၄၆၄၀ ကျပ်နဲ့ ဦးရာလူ ရောင်းပေးမယ့် စကစရဲ့ အကြံအစည် နောက်ကွယ်

ရန်ကုန်မြို့ရှိ ဆင်ခြေဖုံး အခြေခံလူတန်းစားရပ်ကွက်တွေမှာ ဦးရာလူစနစ်နဲ့ ဆန်တပြည်၊ ဆီ ၂၅ ကျပ်သားနှင့် ကြက်ဥ ၁၀ လုံးအပါအဝင် သုံးမျိုးကို ၄၆၄၀ ကျပ်နှုန်းနဲ့ စကစ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက လိုက်လံရောင်းချပေးနေတယ်လို့ သိရပါတယ်။

ယင်းအခြေခံစားသောက်ကုန် ရောင်းချပေးမှုတွေကို စကစ လက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကနေတစ်ဆင့် ရောင်းချပေးနေခြင်းဖြစ်ပြီး ဆန်တစ်ပြည်လျှင် ၁၇၀၀ ကျပ်နှုန်း၊ ဆီ ၂၅ ကျပ်သားလျှင် ၁၁၉၀ ကျပ်နှုန်း၊ကြက်ဥ ၁၀ လုံးကို ၁၇၅၀ ကျပ်နှုန်းတို့ဖြင့် စုစုပေါင်း စားသောက်ကုန်ပစ္စည်း ၃ မျိုးကိုရောင်းချပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဆန်ချောတစ်ပြည်လျှင်ကျပ် ၃၀၀၀ ကျော်နေပြီး စားဆီတစ်ပိဿာလျှင် ကျပ် ၉၀၀၀‌ ကျော်အထိစျေးပေါက်နေကာ ကြက်သွန်နီတစ်ပိဿာလျှင်ကျပ် ၄၀၀၀ အထိ ပေါက်စျေးရှိနေတာဖြစ်သလို အခြားသော သား၊ငါးစျေးနှင့် အထွေထွေစားသောက်ကုန်ပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်းများရဲ့ စျေးနှုန်းတွေဟာ မြင့်တက်နေတာဖြစ်ပါတယ်။

ရပ်ကွက်ရှိ အိမ်ထောင်စု လူဦးရေ ကိုက်ပြီးနဲ့ ခွဲတမ်းသဘောမျိုး မဟုတ်ဘဲ ဦးရာလူ စနစ်နဲ့ ရောင်းချပေးတာကြောင့် လူအများအပြား တိုးဝှေ့ခြင်း၊ မလိုလားအပ်တဲ့ ပြဿနာတွေ ကြုံတွေ့ရခြင်း၊ ကိုဗစ် ကူးစက်မှု အန္တရာယ် စိုးရိမ်ရခြင်း စတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နိုင်တယ်လို့ ရပ်ကွက်နေ ပြည်သူတဦးက မှတ်ချက်ပြုပါတယ်။

စကစအနေနဲ့ ကုန်ဈေးနှုန်းနဲ့ ငွေကြေး ဖောင်းပွမှုနှုန်းထားကို မထိန်းနိုင်ဘဲ ယခုကဲ့သို့ ဆေးမြီးတို သဘောမျိုး စားသောက်ကုန်ပစ္စည်းတွေကို မစို့မပို့ ဈေးလျှော့ရောင်းပေးနေတာဟာ ဝါဒဖြန့် သဘောမျိုးသာ ဖြစ်တယ်လို့ ပြည်သူတွေက ဝေဖန်နေကြပါတယ်။ ဦးရာလူ စနစ်ဖြစ်တာကြောင့် ခိုက်ရန် ဖြစ်ပွားမှုတွေ ဖြစ်မှာကို စိုးရိမ်နေကြတယ်လို့ ပြည်သူများက မှတ်ချက် ပြုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page