(HD-139139) ကြယ်နဲ့ ဗီးနပ်စ်ဂြိုဟ်တွေမှာ ဂြိုဟ်သားတွေ ရှိနိုင်ကြောင်း အထောက်အထားတွေ့ရှိ

HD 139139 ကြယ်နဲ့ ဗီးနပ်စ်ဂြိုဟ်တွေမှာ ဂြိုဟ်သားတွေ ရှိနိုင်..

HD 139139 ဆိုတဲ့ ကြယ်က သိပ်ထူးဆန်းတယ်။ အလင်းနှစ် ၁ သိန်း တောင်အချင်းရှိတဲ့ နဂါးငွေ့တန်း ဂလက်ဆီ (Milky Way Galaxy) ကြီးထဲမှာ ကြယ်ပေါင်း ၄၀၀ ဘီလီယံကျော်ရှိတယ်။

၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၉ ရက်..။ အဲ့ဒီနဂါးငွေ့တန်း ဂလက်ဆီကြီးထဲမှာ HD 139139 လို့ခေါ်တဲ့ ကြယ်ဟာအကျော်ကြားဆုံးကြယ်တစ်ခု ဖြစ်သွားတယ်..။ သူ့ကို Random Transiter လို့ နာမည်အလွယ် (Nickname) ပေးထားတယ်။ ဒါဟာ အတော့်ကိုထူးဆန်းနေတဲ့အကြောင်း နက္ခတ္တဗေဒပညာရှင် Hugh Osborn က ကြေညာလိုက်လို့ပေါ့ ။ (နက္ခတ္တဗေဒပညာရှင် Hugh Osborn ၊ တွစ်တာ @exohugh )

HD 139139 ကြယ်ဟာ ကမ္ဘာကြီးနဲ့ အလင်းနှစ် ၃၅၈.၈ (358.8 light years) ဝေးတယ်။ (အလင်းနှစ် (Light-year) ဟာ စကြဝဠာကိုတိုင်းတဲ့နေရာမှာ အသုံးပြုတဲ့ အတိုင်းအတာ ယူနစ်တစ်ခု။ အလင်းဟာ တစ်စက္ကန့်မှာ ကီလိုမီတာ ၃ သိန်း (မိုင်ပေါင်း ၁၈၆,၀၀၀) ခရီးသွားနိုင်တယ်။ အဲ့ဒီ အမြန်နှုန်းနဲ့ တစ်နှစ်တာလုံး အလင်းဖြတ်သန်းသွားတဲ့ အကွာအဝေးကို အလင်းနှစ် ၁ နှစ်လို့ခေါ်တယ်။)

နက္ခတ္တဗေဒပညာရှင် Hugh Osborn က Kepler ဆိုတဲ့ အာကာသကြည့်မှန်ပြောင်းကြီးက တစ်ဆင့် HD 139139 ဆိုတဲ့ ထူးဆန်းတဲ့ ကြယ်ကိုတွေ့ရတာ။

Kepler ဆိုတဲ့ အာကာသကြည့်မှန်ပြောင်းကြီးက ဘယ်နေရာကနေ ဘယ်ကို ဘယ်လို ကြည့်တာလဲ..။ အမှောင်ခန်းတစ်ခုထဲမှာ အလင်းရောင်ရှိတဲ့အလုံးလေးတွေနဲ့ အလင်းရောင်မရှိတဲ့ အလုံးလေးတွေချထားပြီး အဝေးကကြည့်ရင် အလင်းလုံးလေးတွေပဲမြင်ရပြီး ကျန်တာ မမြင်ရသလိုပေါ့။ တချို့ကြယ်တွေက ကိုယ်ပိုင်အလင်းရောင်ရှိပြီး တချို့ကမရှိ။

လည်နေတဲ့ကမ္ဘာကြီးမှာ ကိုယ်ပိုင်အလင်းရောင်မရှိပါ။ နေမရှိ၊ လမရှိရင် တကယ့် အမည်းရောင် အလုံးကြီးပေါ့..။ ဒါကြောင့် အာကာသပြင်အဝေးတစ်နေရာက ကမ္ဘာကြီးကိုကြည့်ရင် မမြင်ရဘူး။ ဒါပေမဲ့ ကမ္ဘာကြီးက သူ့ ပတ်လမ်းအတိုင်း အလင်းရောင်ရှိတဲ့ နေကို ဖြတ်သွားတဲ့အခါ ကမ္ဘာကြီးဟာ အမည်းလုံးကြီးပါလားလို့ ပုံသဏ္ဌာန်ကိုသိရမယ်။ (နေက ကိုယ်ပိုင်အလင်းရောင်ရှိတဲ့ ကြယ်ကြီးတစ်လုံးဖြစ်တယ်) အမှောင်ခန်းတစ်ခုထဲမှာ အလင်းရောင်ရှိတဲ့ အလုံးလေးတွေရှေ့က ယင်ကောင်လေးတစ်ကောင် ဖြတ်ပျံသွားမယ်ဆို အဲ့ဒီ ယင်ကောင်ရဲ့ ပုံသဏ္ဌာန်ကို အဝေးကတွေ့ရသလိုပေါ့..။

Kepler ဆိုတဲ့ အာကာသကြည့်မှန်ပြောင်းကြီးက အာကာသပြင် အဝေးတစ်နေရာကနေ ကြယ်တွေ၊ ဂြိုဟ်တွေကို စောင့်ကြည့်နေခဲ့တယ်။ နဂါးငွေ့တန်းဂလက်ဆီကြီးထဲက ဂြိုဟ်တွေက ပုံမှန်တည်ငြိမ်သောပတ်လမ်းနဲ့ လှည့်နေကြတာတွေ့ရတယ်။ အချိန်မှန်မှန်..။ ပုံသဏ္ဌာန်၊ အရွယ်အစား အတိအကျနဲ့ သူ့ပတ်လမ်းအတိုင်း။

ပညာရှင်တွေက ထူးဆန်းတာတစ်ခု တွေ့လိုက်ရတယ်။ အဲ့ဒါဘာလဲဆိုတော့ HD 139139 ဆိုတဲ့ ကြယ်ကတော့ အမှောင်ထဲမှာ သူလှည့်ချင်တဲ့ အတိုင်းလှည့်နေတာ။ အချိန် မမှန်ဘူး။ ပုံသဏ္ဌာန် အရွယ်အစားကလည်း ကြီးလာလိုက်၊ သေးသွားလိုက်။ HD 139139 က ကိုယ်ပိုင်အလင်းရောင်ရှိတော့ အမှောင်ခန်းထဲ ပိုးစုန်းကြူးလေးတွေ ဖြတ်ပျံသွားသလို Kepler အာကာသတယ်လီစကုပ်မှာပေါ်နေတယ်။

Kepler အာကာသတယ်လီစကုပ်က စောင့်ကြည့်နေတဲ့ ၈၇ ရက်အတွင်းမှာ HD 139139 ကြယ်က ၂၈ ကြိမ် (28 dips) ဖြတ်သွားဖြတ်လာလုပ်နေခဲ့..။ ဒါကြောင့် အလွန်တိုးတက်ပြီး ဉာဏ်ပညာမြင့်မားတဲ့ ဂြိုဟ်သားတွေဟာ သူတို့ ဂြိုဟ်ကို သူတို့စိတ်တိုင်းကျ ထိန်းချုပ်နေပုံရတယ်ဆိုပြီး သိပ္ပံလောကကြီးမှာ နာမည်ကြီးနေတယ်။

အရင်က နာမည်ကြီးတာ Kepler အာကာသတယ်လီစကုပ်က မြင်ရတဲ့ Tabby’s Star ဆိုတဲ့ ကြယ်ပေါ့။ သူလည်း HD 139139 ကြယ်လို ပုံသဏ္ဌာန်အတည်တကျမရှိ၊ ပတ်လမ်းကြောင်းအတည်တကျမရှိလို့ နက္ခတ္တဗေဒပညာရှင်တွေက ထင်ခဲ့ဖူးတယ်။

နက္ခတ္တဗေဒပညာရှင်တွေက နောက်ဆုံးတော့ အဲ့ဒီကြယ်ရဲ့ ပတ်လမ်းကြောင်းစနစ်ကို ဖော်ထုတ်နိုင်လိုက်ကြတယ်။ ပုံသဏ္ဌာန် မတိကျတာက ဘေးပတ်လည်က ဖုန်တွေ၊ အမှိုက်တွေကြောင့် ကြီးလိုက် သေးလိုက် မြင်ရတာတဲ့။

HD 139139 ကတော့ Tabby’s Star နဲ့လည်း မတူပါ။ HD 139139 က ထူးဆန်းတဲ့ ပတ်လမ်း ဖြတ်သန်းမှု (transits) တွေကို ပြနေတယ်။

ဂြိုဟ်စနစ်တွေက အမျိုးမျိုးရှိတယ်။ တချို့ဂြိုဟ်တွေ၊ ကြယ်တွေက မြေမှုန့်၊ ဖုန်မှုန့်တွေ ထုတ်လွှတ်တယ်။ တချို့ကတော့ ဂြိုဟ်သိမ်တွေ။ HD 139139 က အဲ့ဒါတွေနဲ့ မတူတဲ့ အသစ်။ ကြယ် HD 139139 ကတော့ ဒွိကြယ် တစ်စုံဖြစ်တယ်။ (ဒွိကြယ်ဆိုတာ ကြယ်နှစ်လုံးတွဲ။ ကြယ်စုဆိုတာ နှစ်လုံးထက်ပိုတဲ့ ကြယ်များ)

ဒွိကြယ် HD 139139 က ဆွဲငင်အားနဲ့ တစ်လုံးနဲ့ တစ်လုံး အချင်းချင်း ထိန်းချုပ်ထားကြတယ်။ ဒွိကြယ် HD 139139 မှာ တစ်လုံးက နေ ရဲ့အရွယ်အစားလောက်ကြီးပြီးသက်တမ်း နှစ်ပေါင်း ၁.၅ ဘီလီယံခန့်ရှိနေတယ်။ အခြားတစ်ခုက နည်းနည်းသေးတယ်။

နက္ခတ္တဗေဒပညာရှင်တွေက ဒီကြယ်တွေဟာ သဘာဝအတိုင်း လှည့်ပတ်မနေတော့ သက်ရှိတွေက ထိန်းချုပ်ထားလို့လား ဆိုတာကို လေ့လာနေကြဆဲ..။ နေလိုတောက်ပနေတဲ့ ဒွိကြယ် HD 139139 ထဲမှာ သက်ရှိသတ္တဝါတွေများရှိမလားဆိုပြီး…။

ဗာဂျီးနီးယားက နက္ခတ္တဗေဒပညာရှင်တွေကလည်း Green Bank Radio Telescope ကိုအသုံးပြုပြီး စမ်းသပ်တယ်။ သူတို့ အထင်ကတော့ ရေဒီယိုထုတ်လွှတ်မှုအရဆိုရင်တော့ သက်ရှိတွေ ရှိပုံမရဘူးတဲ့။ ပညာရှင်တွေ ငြင်းခုံလေ့လာကြဆဲ..။

ဒါဆို ဒီကြယ်တွဲကို ဘယ်သူတွေက ထိန်းချုပ်တာလဲ။ ဖြစ်နိုင်​ခြေတွေကို သိပ္ပံပညာရှင်များ အခုအထိ အဖြေမရှာနိုင်ကြသေးပါ။

သိပ္ပံပညာရှင်တွေက ဟိုးအရင်ကတည်းက ကမ္ဘာ့အရွယ်အစားရှိတဲ့ ဂြိုလ်တွေပေါ်မှာ သက်ရှိတွေရဲ့ ဇီဝနိမိတ်လက္ခဏာတွေရှိမယ်လို့ ယူဆပြီး လေထုကိုအဝေးကြည့်မှန်ပြောင်းနဲ့ ကြည့်ပြီး လေ့လာခဲ့ကြ၊ လေ့လာနေဆဲ။

ပြီးခဲ့တဲ့ ၂ ပတ်က (စက်တင်ဘာလ ၁၄ ရက်နေ့က) ဗီးနပ်စ် (သောကြာဂြိုဟ်) မှာ Phosphine ဆိုတဲ့ ဓာတ်ငွေ့ကိုတွေ့တယ်တဲ့။ အဲ့ဒိသတင်းလည်း နာမည်ကြီးတယ်။ Phosphine ဓာတ်ငွေ့ဆိုတာ ကမ္ဘာပေါ်က ဘက်တီးရီးယားတွေနဲ့ စက်မှုလုပ်ငန်းတွေက ထွက်တဲ့ ရိုးရှင်းတဲ့ မော်လီကျူးတစ်ခုမို့ ပေါ့။ သက်ရှိတွေရှိနေပြီ။

ဗီးနပ်စ်ဂြိုဟ် မျက်နှာပြင်က သိပ်ပူတယ်။ဒါပေမဲ့ အပူချိန်နဲ့ ဖိအားတွေအလယ်အလတ်ရှိပြီး၊ နေရောင်ခြည် စွမ်းအင်သုံးဓါတ်ရောင်ခြည်တွေ မပြင်းထန်တဲ့ လေထုအလွှာတွေလည်းရှိနေတယ်တဲ့။ ဆယ်စုနှစ်ပေါင်းများစွာကတည်းက သိပ္ပံပညာရှင်အချို့ကဗီးနပ်စ်ဂြိုဟ်မှာ ဆာလ်ဖာအက်ဆစ်၊ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ နဲ့ ရေငွေ့အနည်းငယ်ကိုတွေ့တယ်လို့ဆိုတယ်။ ဗီးနပ်စ်ဂြိုဟ်မှာရော သက်ရှိသတ္တဝါတွေရှိနေသလား။

သင်ရော ဘယ်လိုထင်ပါသလဲ။ ကမ္ဘာကြီးရဲ့ပြင်ပမှာ သက်ရှိတွေရှိနေတယ်ထင်လား။

မရွှေမိုး (ကိုရီးယား)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page