ကလေးဆိုရင် ၃၀၀ ကျပ်ပဲ ယူတဲ့ ပြည်မြို့က မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် အဝစား ထမင်းဆိုင်

ပြည်မြိုမှာ အခြေခံလူတန်းစားများအတွက် မြန်ကောင်းသက်သာ ” အဝစား ၅၀၀ ကျပ်တန်ထမင်းဆိုင်” ကို မရွှေထားအဖွဲ့က ဒီနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ် ရောင်းချပေးနေပြီဖြစ်ပါတယ်။

အဝစား ၅၀၀ ထမင်း ပထမဆုံးစတင်ရောင်းချတဲ့နေ့မှာတော့ ကြက်သားအာလူး ၊သီးစုံကုလားဟင်းနဲ့ ငရုတ်သီးကြော်တို့ဖြစ်ပြီး လူကြီးက ၅၀၀ ၊ ကလေးက ၃၀၀ ကျပ်နဲ့ စားသုံးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

နေ့လယ်စာ အနေနဲ့ တရက်ကို လူ ၂၀၀ စာပဲ ရောင်းပေးမှာ ဖြစ်ပြီး ပါဆယ်လက်မခံဘူးလို့ သိရပါတယ်။ ဒီလို ကာလကြီးထဲမှာ လူတွေ ဒုက္ခကို ကိုယ်ချင်းစာလို့ ဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။

အဝစား ၅၀၀ ထမင်းဆိုင်ကို ပြည်မြို့ ဂန္ဓမာရပ်ကွက် သီရိရတနာဆောင် ကျောင်းဝန်းထဲမှာ အပတ်စဉ် တနင်္လာ ၊ ဗုဒ္ဓဟူး ၊ သောကြာ နေ့တိုင်းမှာ မနက် ၁၀ နာရီ ၃၀ ကနေ နေ့ခင်း ၂ နာရီ အထိ လူဦးရေ ၂၀၀ ကို ရောင်းချပေးမှာဖြစ်တယ်လို့သိရပါတယ်။

ပြည်မြို့မှာ မြန်ကောင်းသက်သာ အဝစား ၅၀၀ ထမင်းဆိုင်ဖွင့်တာ ဒေသခံပြည်သူလူထုအတွက် အဆင်ပြေတဲ့အတွက် ကြိုဆိုကြသလို၊ လုပ်ငန်းရှင်တချို့ကလည်း တန်ဖိုးနည်းထမင်းရောင်းချပေးမှုအတွက် စားသုံးဆီလှူဒါန်းတာရှိတဲ့အပြင် ကြက်သွန်နီ၊ဂျင်း တွေလှူဒါန်းမှုရှိတာကိုတွေ့ရပါတယ်။

ယခုဆိုရင် မြန်မာနိုင်ငံအနှံ့အပြားမှာ အခြေခံလူတန်းစားတွေအတွက် အဝစား (၅၀၀) ကျပ်တန် ထမင်းဆိုင်တွေ ဖွင့်လှစ်နေကြပြီ ဖြစ်ပါတယ်။

လှူဒါန်းကြတဲ့ အလှူရှင်တွေနဲ့ လုပ်အားဒါန ပေးကြတဲ့ စေတနာရှင်တွေ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page