သတ်သတ်လွတ် အက်ဒမန် ဆရာတော်ဖြင့် ခရီးအတူတူ သွားခြင်း အမှတ်တရ (ဖြစ်ရပ်မှန်ပါ)

ဒီနေ့ ပါ့ပလစ်ဘတ်စ် ပေါ်က တခဏဖြစ်ရပ်ကလေးကြောင့် မိမိတို့ ကား တနာရီခန့် ခရီးဖင့်နှောင့်ခဲ့ချေပြီ။ လင်းဥူးအံ့-

ကားမောင်းသူ၊ ကားအကူ နှင့် သံဃာတပါး စကားများကြ၍ ဖြစ်သည်။ ဆရာတော်ကား သတ်သတ်လွတ် ဘုန်းပေးသူဖြစ်၏၊ အာရုံဆွမ်းကို ကားမထွက်ခင် ကုန်အောင်ဘုန်းပေး၍ မပြီးသဖြင့် ကားပေါ်တွင် သံဃာတော်များအတွက် သီးသန့်ထားသောခုံတွင် ငြိမ်သက်စွာနှင့် မြိန်ယှက်စွာ သတ်သတ်လွတ်ဘုန်းပေးတော်မူလျှက်ရှိသည်။

အတန်ကြာသော် ဆရာတော့်ထံမှ သူမည်သို့လူရာဝင်ကြောင်း အရာရောက်ကြောင်းများကို ဘေးမှာထိုင်လျှက်ပါလာသူ သူ့ဒကာအား ဟောကြားသော ပြောစကားများကို ကြားလာရသည်၊ နောက်ပိုင်းအသံတော်မှာ ပို၍ကျယ်လောင်ပြန့်လွင့်လာပြီး ဝါလွင်လွင်ကိုယ်တော်မှာ အာတရွှင်ရွှင်ဖြစ်နေတော့သည်။ သာမာန်မိန့်ရုံဖြင့်အားမရ၍ပေလောမသိ။ မတ်တပ်ကယ် ရပ်တော်မူ၊ ကုန်းကွလျှက် ဖုန်းထဆက်လေရာမှ ကားမောင်းနေသူအပေါ် လဲကျတော်မူလေ၏။

ကားအကူက အန္တရာယ်များကြောင်းလျှောက်ထားသည့်အခိုက် ဆရာတော်က မိမိရွှေပြွန်က ရေသွန်ချင်သဖြင့် ကားရပ်ရန်မိန့်သည်၊ ကားအကူက ရှေ့ကိုက်အနည်းငယ်တွင် မှတ်ပုံတင်ပြရန် လမ်းဆင်းလျှောက်သည့် နေရာရောက်မှာဖြင့်သဖြင့် ၎င်းနေရာရောက်မှ အသော့လားကာ အပေါ့သွားတော်မူရန်လျှောက်သည်တွင် သံဃာမှတ်ပုံတင်ကြီးထုတ်၍ ဆရာတော်က ယခုခေတ်စကားဖြင့်”ဖြဲ”လေတော့သည်။ အသံပါဝါကောင်းပြီး နည်းလည်း ပိုင်နိုင်သည့် ကိုယ်တော်မို့ ကြည်ညိုမိပါသည်။

သို့နှင့် လမ်းဆင်းလျှောက် မှတ်ပုံတင်ပြသည့်နေရာတွင် ခရီးသည်များ ပုံမှန်ထွက်ခွာ ဖြတ်ကျော်ကြသော်လည်း ဆရာတော်မှာ သာသနာ့အာဇာနည်ဖြစ်သည့်အလျှောက် တာဝန်ကျတပ်သား ရဲသားများဆီသွား တာဝန်ခံ ဗိုလ်ကြီးဘယ်သူလဲမေးကာ ဆက် ”ဖြဲ” လေ၏။

ကားဆရာနဲ့ အကူကို check point တာဝန်ခံကခေါ်ပြီး ဆရာတော်နှင့် ရှင်းကြပြောကြပေါ့။ ခရီးသည်များကား စောင့်လျှက်။

ထမင်းအိုးတလုံးချက်ခန့်အကြာ ကားဆရာများပြန်လာ၊ ဆရာတော်မှာမူ ထိုကင်းတွင်ပင် သီတင်းသုံးရင်း ကျန်ခဲ့။ ကားဆက်ထွက်ပေါ့။ အဲ- ဆရာတော်ဘုန်းပေးလက်စ သတ်သတ်လွတ်ဆွမ်းကိုတော့ နေ့ဆွမ်းအလို့ငှာ ကားအကူမှ ဘုန်းဘုန်းပရိက္ခရာ လွယ်အိတ်ဝါနှင်အတူ ကားမထွက်မှီအပြေးလေး ဆက်ကပ်ခဲ့ပါသေး၏။

”ဣဒံမေပုညံ နိဗ္ဗာနဿ ပစ္စယောဟောတု” ပါဖျား
(ဆရာတော်၏ သက်သတ်လွတ် ဆွမ်းဟင်းရည်လေးများကို ပုံတွင်ရှု)

Mitzima Zaw

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page