အချစ်အတွက် (၂၅) နှစ်ကြာ အမှောင်ခန်းထဲမှာ ပိတ်လောင်ခံခဲ့ရတဲ့ ပြင်သစ်မလေး ဘလန့်ချ်

“အချစ်”

သင်ဟာ အချစ်အတွက် ဘယ်လောက်အထိ ပေးဆပ်ရဲပါသလဲ..။ အဲ့ဒီ ချစ်ခြင်းမေတ္တာအတွက် သင့်စိတ်တွေ ဖောက်ပြန်ရူးသွပ်တဲ့အထိအောင် သင် ပေးဆပ်ရဲပါသလား။ ပြင်သစ်နိုင်ငံက ဘလန့်ချ် (Blanche Monnier) ဆိုတဲ့ ကြွေရုပ်လေးလိုသိပ်လှတဲ့ ကောင်မလေးလိုမျိုး ယောက်ျားတစ်ယောက်ကို ဘဝနဲ့ရင်းပြီး ချစ်နိုင်ပါသလား..။

အဲ့ဒီ ပြင်သစ်မလေးဘလန့်ချ်က သူမရဲ့ အလှကြောင့် အလွန်ပဲနာမည်ကြီးတဲ့သူလေးပေါ့။ လက်ထပ်ချင်တဲ့ ယောက်ျားတွေ ဝိုင်းဝိုင်းလည်လို့။

ဘလန့်ချ်ရဲ့မိဘတွေဟာ အလွန်ချမ်းသာကြွယ်ဝတယ်။ ပြီးတော့ သူတို့မိသားစုဟာ အမည်းစက်ဆိုလို့ တစ်ခုမှမရှိတဲ့ ဂုဏ်သတင်းကြီးတဲ့ မိသားစုပေါ့။ ဘလန့်ချ်ရဲ့မိခင် လူးဝစ် (Louise Monnier) ဟာ ပါရီမြို့ရဲ့လူမှုအဖွဲ့အစည်းတွေကို ရက်ရက်ရောရောလှူဒါန်းတတ်တာကြောင့် လူသိများတယ်။ ဘလန့်ချ်ရဲ့အစ်ကို မာစယ်လ် ဆိုရင်လည်းကျောင်းမှာ ပညာအလွန်ထူးချွန်တယ်။ဂုဏ်သိက္ခာရှိတဲ့ ရှေ့နေတစ်ယောက်ဖြစ်လာခဲ့..။ အဘက်ဘက်က ပြည့်စုံတဲ့ မိသားစု။ ရုပ်ရည်ချောမော။ ပညာတတ်။ ချမ်းသာ။ စေတနာကောင်း။ ဘာလိုသေးလဲ..။

ဘလန့်ချ် အရွယ်ရောက်လာတော့ လူတစ်ယောက်ကို သိပ်ချစ်မိတယ်။ သူက ဘလန့်ချ်ထက် အသက်အများကြီး ကြီးတဲ့ ဆင်းရဲသားရှေ့နေတစ်ယောက်ပေါ့။ ဟိုးရှေးရှေးတုန်းက ကမ္ဘာတစ်ဝှမ်းက နိုင်ငံတိုင်းအတူတူပဲထင်ပါရဲ့။ မိဘက သမီးကို သဘောတူတဲ့ အခြားလူနဲ့အတင်းပေးစားချင်..။ ဘလန့်ချ်က ချစ်သူကိုအရမ်းချစ်၊ မခွဲနိုင်ပေါ့။ ဘလန့်ချ် အသက် ၂၅ နှစ်ရောက်တဲ့အထိ ဘယ်သူ့ကိုမှ လက်မထပ်ခဲ့။

ဘလန့်ချ်ဟာ ချောမောလှပလွန်းရုံမဟုတ် အလွန်နူးညံ့သိမ်မွေ့ပြီးသဘောကောင်းသူ။ ဒါပေမဲ့ ဘလန့်ချ်ဟာ အချစ်နဲ့ပတ်သက်လာတော့ မိခင်နဲ့ ပြင်းပြင်းထန်ထန် ရန်ဖြစ်ငြင်းခုံတယ်။ “ မင်း အပြင်မထွက်ရဘူး။ ဒီကောင်နဲ့ တွေ့ခွင့်မပေးဘူး” “ သူနဲ့ မတွေ့ရဘူးဆို မတွေ့ဘူး။ ကျွန်မ သူကလွဲပြီး ဘယ်သူ့ကိုမှ လက်မထပ်နိုင်ပါဘူး။”

၁၈၇၄ ခုနှစ်။ ဘလန့်ချ်တစ်ယောက် ပျောက်ချင်းမလှပျောက်သွားလို့ဆိုပြီး မိဘတွေက သူငယ်ချင်းတွေဆီမှာ လိုက်ရှာတယ်။ ဘယ်လိုမှကို ရှာမရတော့ဘူးတဲ့။

နောက်ပိုင်း ဘလန့်ချ် မိဘတွေက ဘလန့်ချ်ကိုပြန်တွေ့ ပြီးယူနိုက်တက်ကင်းဒမ်း(U.K) မှာရှိတဲ့ ဘော်ဒါကျောင်းတစ်ခုကို ပို့ပစ်လိုက်တယ်လို့ သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေကိုပြောပြတယ်။ ကျောင်းပြီးတော့လည်း ဘလန့်ချ် ပြန်မလာပါ။ “ ဘလန့်ချ်ကျောင်းပြီးတော့ စကော့တလန်မှာ အခြေချနေတယ်။ ပြန်လာတော့မှာ မဟုတ်ဘူး” လို့ လာမေးတဲ့သူတွေကို ဘလန့်ချ် မိခင်က ခပ်ပြတ်ပြတ်ဖြေတယ်။ အဲ့ဒီလိုနဲ့ ဘလန့်ချ်ဟာ ပြင်သစ်နိုင်ငံက သူငယ်ချင်း၊ ဆွေမျိုးတွေနဲ့ အဆက်အသွယ်လုံးဝပြတ်သွားတာပေါ့။

၁၈၇၉ ခုနှစ်။ ဘလန့်ချ်ရဲ့ ဖခင် သေဆုံးသွားခဲ့။

၁၈၈၅ ခုနှစ်။ ဘလန့်ချ် သိပ်ချစ်လှတဲ့ ရှေ့နေကြီးလည်းသေဆုံးသွားခဲ့။ အဲ့ဒီအချိန်အထိ ပြင်သစ်မှာ ဘလန့်ချ်ကို အရိပ်အယောင်တောင်မှ မတွေ့ရပါ။

ဘလန့်ချ် သူငယ်ချင်းတွေ၊ ဆွေမျိုးတွေက ဘလန့်ချ်ကို စောင့်စားခဲ့ကြပေမဲ့ ပြင်သစ်နိုင်ငံပြန်လာတာ မတွေ့ရတော့ပါ။ ၂၅ နှစ် ကြာသွားတယ်။

၁၉၀၁ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့။ ပဲရစ်မြို့က ရှေ့နေချုပ်ကြီးဆီကို ထူးဆန်းတဲ့စာတစ်စောင် ရောက်လာတယ်။

“ Monsieur ရှေ့နေချုပ်ကြီး။ ကျွန်ုပ်သည် အလွန်အမင်းရက်စက် ပြင်းထန်တဲ့ အဖြစ်အပျက်တစ်ခုကို လူကြီးမင်းထံ အကြောင်းကြားခွင့်ရသည့်အတွက် ဂုဏ်ယူပါသည်။ Madame Monnier (ဘလန့်ချ်) ဟာ သူမရဲ့ ကိုယ်ပိုင်အိမ်ထဲမှာ သော့ခတ်ခံနေရပြီး ငတ်မွတ်ခေါင်းပါးခြင်းနဲ့ ရင်ဆိုင်နေရပါသည်။ ၂၅ နှစ်လုံးလုံး အမှိုက်သရိုက်များကြားထဲတွင် နေထိုင်နေရပါသည်။” လက်မှတ်မထိုးထားတဲ့ အမည်မသိသူရဲ့ စာတစ်စောင်ပေါ့။ ရှေ့နေချုပ်ဟာ ချက်ချင်းစုံစမ်းစစ်ဆေးဖို့ဆုံးဖြတ်ခဲ့။ ဘလန့်ချ် မိခင်က အိမ်ထဲအဝင်မခံတော့ ရဲတွေက အကြိမ်ကြိမ်ကြိုးစားပြီး နောက်ဆုံးမှာ အတင်းပဲဝင်ခဲ့တယ်။

ရဲထောက်လှမ်းရေးတွေဟာ ဘလန့်ချ်တို့ အိမ်ကြီးရဲ့ နေရာအနှံ့မှာ လိုက်ရှာခဲ့။ အခန်းတစ်ခုရောက်တော့ ပုပ်စပ်စပ်အနံ့ကြီးတစ်ခုကို သူတို့ သတိပြုမိကြတယ်။ အဲ့ဒီ အပါ်တည့်တည့်ထပ်ခိုးပေါ်က တံခါးက သော့ခတ်ထားတာတွေ့ရတယ်။ တစ်ခုခုလွဲနေပြီဆိုတာကို ရဲတွေသိသွားကြတယ်။ ရဲတွေက သော့ဖျက်ပြီးအခန်းထဲဝင်သွားတယ်။

အနံ့..။ ကြောက်မက်ဖွယ်ရာကောင်းသည့် အနံ့..။ ဒါ လူသေနံ့တော့ မဟုတ်ခဲ့ပါ။ အရာရှိတစ်ယောက်က ပြတင်းပေါက်ကိုချက်ချင်း ရိုက်ခွဲပြေးဖွင့်လိုက်တယ်။

‘ဟာ’ .. အာမေဋိတ်သံတွေ တိုင်ပင်ထားသလို တစ်ပြိုင်တည်း။ တွေ့ပါပြီ.. အနံ့ဆိုးထွက်နေသော အခန်းထဲက အနံ့ဆိုးထွက်နေသော အမျိုးသမီးကြီး။ ဘလန့်ချ်..။ ကိုယ်တုံးလုံးကြီး..။

ကြွေရုပ်လေးလိုလှပခဲ့တဲ့ မိန်းကလေးဟာ အခုတော့ အဘွားအိုကြီးလို အရိုးစုကြီးဖြစ်နေပေါ့..။ လိုက်ကာထူထူ နောက်ကွယ်က မှောင်မိုက်နေတဲ့အခန်းလေးထဲမှာ ခွေခွေလေး။ ၂၅ နှစ်လုံးလုံး မမြင်ဖူးတဲ့ လူစိမ်းတွေကို သူမကြောက်တယ်။ ၂၅ နှစ်လုံးလုံး မမြင်ဖူးတဲ့ အလင်းရောင်တွေကို သူမကြောက်တယ်။

၂၅ နှစ်လုံးလုံး မဖြတ်ရတဲ့ ဆံပင်တွေမှာလည်း သန်းတွေ၊ ပိုးကောင်တွေ တလောင်းလောင်း။ မစင်အခြောက်တွေ၊ အစိုတွေ အခန်းတစ်ခုလုံးမှာ ဟိုတစ်ပုံ၊ ဒီတစ်ပုံ ပြည့်နှက်နေခဲ့..။ ပုပ်ပွနေတဲ့ အစားအစာတွေကလည်း မစင်တွေနံဘေးမှာ။

၅၅ ပေါင်ပဲရှိတော့တဲ့ အမျိုးသမီးကြီးဟာ အသက်ရှင်နေဆဲပါ။ ကြွက်၊ ယင်ကောင်နဲ့ ပိုးမွှားတွေက အခန်းထဲမှာ ပြေးလွှားနေကြ..။ ထိတ်လန့်တုန်လှုပ်နေတဲ့ ရဲတွေက ပြင်းထန်လှတဲ့အနံ့ကြောင့် မိနစ်အနည်းငယ်တောင် အခန်းထဲ မနေနိုင်ကြတော့ပါ။

သူတို့ ဘလန့်ချ်ရဲ့ အသက် ၇၅ နှစ်အရွယ် မိခင်နဲ့ အစ်ကိုတို့ကို ဖမ်းလိုက်ပြီး ဘလန့်ချ်ကိုချက်ချင်းပဲ ဆေးရုံတင်လိုက်ကြတယ်။

အိမ်ရဲ့ သခင်မဖြစ်သူ မိခင်ကိုအလွန်အမင်းကြောက်လန့်ရတဲ့ အစ်ကိုဖြစ်သူကလည်း ဘလန့်ချ်ကိုမကယ်နိုင်ခဲ့ပါလို့ အစ်ကိုက တရားရုံးမှာထွက်ဆိုတယ်။ ဘလန့်ချ်ဟာ ၂၅ နှစ်လုံးလုံး ရေချိုးခွင့် မရခဲ့ပါ။ ဘလန့်ချ်ဟာ ၂၅ နှစ်လုံးလုံး အိမ်သာထဲမှာ အိမ်သာတက်ခွင့် မရခဲ့ပါ။ နံဟောင်နေတဲ့ မစင်ပုံတွေကြား မသေရုံတမယ် အစာစားပြီး အသက်ဆက်နေခဲ့ရတာ ၂၅ နှစ်တောင်ပေါ့။

“လေ.. လေကောင်းလေသန့်ရှူရတာ သိပ်ဝမ်းသာဖို့ကောင်းတယ်။” ၂၅ နှစ်လုံးလုံး ဘယ်သူနဲ့မှ မပြောရတဲ့ စကားတွေပြောတော့ သူမဟာ စကားတွေထစ်လို့..။ ဘလန့်ချ်ဟာ အရင်ကအတိုင်းပဲ။ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်။ စိတ်ပညာရှင်တွေတွက်ထားသလို ဒေါသတွေကြီးမနေ..။ ဒေါသကြီးသူက ဘလန့်ချ်ရဲ့ မိခင်ပေါ့။

ဘလန့်ချ် ရဲ့ မိခင်။ ပထမတော့ မာနကြီးတဲ့ မိခင်ဟာ သူ့ကိုယ်သူ ထောင်နဲ့ တန်သလားလို့ ဒေါသအလွန်ကြီးခဲ့တယ်။ နောက်ပိုင်း အခန်းတံခါးသော့ခတ်ပိတ်ထားပြီး ၂၅ နှစ်လုံး ရေချိုး၊ အိမ်သာတက်ခွင့်မရှိခဲ့တဲ့ ဘလန့်ချ်အကြောင်း ခေါင်းထဲဝင်လာတယ်..။ အိမ်အကူတွေက လာချပေးတဲ့ အစာပဲစားခွင့်ရှိခဲ့တဲ့ အမှောင်ခန်းထဲက သမီးဖြစ်သူ ဘလန့်ချ်ကို သတိရလာတယ်။ သမီးဖြစ်သူ ဘယ်လောက်ဆင်းရဲ ဒုက္ခရောက်တယ်ဆိုတာ မိခင်ဟာ ကိုယ်တိုင် ထောင်ထဲရောက်မှ တွေးမိတယ်။ ဒေါသကြီးတဲ့မိခင်ဟာ ဒေါသကြီးရာက ရှက်၊ ဝမ်းနည်း၊ နောင်တ တွေနဲ့ စိတ်ထိခိုက်သွားတယ်။ ထောင်ထဲမှာ ၁၅ ရက်ပဲကြာတယ်။ “Oh, my poor Blanche!” လို့သမီးကို သတိရမြည်တမ်း၊ နှလုံးသွေးရပ် သေဆုံးသွားတယ်။

ဘလန့်ချ် ။ ဘလန့်ချ်ဟာ နှစ်တွေသာ ကုန်လွန်သွားခဲ့တယ်။ ချစ်တဲ့သူကလွဲပြီး ဘယ်သူ့မှမယူဘူးလို့ ငြင်းဆန်ပြီးရင်း ငြင်းဆန်ခဲ့သတဲ့။ ကြွက်တွေ၊ ယင်တွေ ဝိုင်းလာပြီး မစင်အပုပ်နံ့တွေ တစ်နေ့ထက်တစ်နေ့ ဟောင်ထွက်နေပေမဲ့ ဘလန့်ချ်ဟာ မာနကိုမချဘဲ အချစ်အတွက် ခေါင်းမာခဲ့တယ်။

ဘလန့်ချ်ရဲ့ချစ်သူ။ သူကတော့ ဒီအကြောင်းတွေ ဘာတစ်ခုမှမသိဘဲ မိဘတွေကြောင့် သူ့ကိုစွန့်ပစ်ပြီး စကော့တလန်မှာ ဘဝကိုမြှုပ်နှံသွားတယ်လို့ပဲသိခဲ့။ အသည်းကွဲတဲ့ဝေဒနာနဲ့ မစင်အပုပ်နံ့တွေကို အံတုအသက်ပေးပြီးချစ်နေတဲ့ မိန်းကလေး တစ်ယောက်အကြောင်းကို သူ မသိခဲ့ပါ။ သူ သေဆုံးသွားတဲ့ အထိပေါ့။

သင်ဘယ်လိုထင်သလဲ။ အချစ်အတွက် ဒီလိုပေးဆပ်သင့်ပါလား။ ဒါဟာ ချစ်စရာ၊ အားကျစရာ အချစ်ဇာတ်လမ်းတစ်ပုဒ်ရော ဟုတ်ပါရဲ့လား။

မိဘက အခြားလူနဲ့ အတင်းပေးစား။ သားသမီးက ချစ်သူကိုအရမ်းချစ်၊ မခွဲနိုင်ပေါ့။ ရုပ်ရှင်တို့ရဲ့ ထုံးတမ်းစဉ်လာတွေ သင် မကြာခဏ ကြည့်ဖူးမှာပေါ့..။ ခိုးပြေး (သို့မဟုတ်) ကိုယ့်ကိုယ်ကို သေကြ။ မကြာခဏ ကြားနေရတဲ့ သားသမီးသေ၊ မိဘသေ စတဲ့ သူသေကိုယ်သေတိုက်တဲ့ တိုက်ပွဲတွေကို သင်ဘယ်လို ထင်ပါသလဲ။ ဘာကြောင့်လို့ထင်လဲ။ လူငယ်တို့ရဲ့ ပြင်းထန်တဲ့ အတ္ထစိတ်၊အချစ်စိတ် နဲ့ မိဘတို့ရဲ့ အတ္ထစိတ်၊အချစ်စိတ်တို့ အားပြိုင်လို့ဖြစ်တယ်။

အရွယ်ရောက်လာလို့ သားသမီးတွေဟာ တစိမ်းတစ်ယောက်ကို ပြင်းပြင်းထန်ထန် စွဲလမ်းလာတဲ့အခါ မိသားစုမှာ အနည်းနဲ့အများ ပြဿနာရှိလာကြတယ်။ ၁၅၀၀ အချစ်ကြောင့် မိဘနဲ့သားသမီး ပြဿနာတက်တဲ့အခါ မိဘနဲ့ သားသမီးကြားက ၅၂၈ အချစ်တွေ ဘယ်ရောက်သွားသလဲ သတိမထားမိကြတော့ပါ။

“ အတင်းအဓမ္မ လက်ထပ်ထိမ်းမြားပေးစားခြင်း” ဆိုတာဟာ တရားမျှတမှုမရှိတဲ့ အလွန်တရာရက်စက်မှုတစ်ခု ဖြစ်ပါတယ်တဲ့။ ဒါပေမဲ့ သားသမီးတွေကလည်း သူတို့နှစ်သက်တဲ့ အိမ်ထောင်ဖက်ကိုရွေးချယ်ခြင်းကို ပေါ့ပေါ့တန်တန်သဘောမထားသင့်။ အဲဒါဟာ လူတစ်ယောက်ရဲ့အဝတ်အစားတစ်စုံ ရွေးချယ်သလို ပေါ့သေးသေးအရာတစ်ခုမဟုတ်ပါ။

လိမ္မာပါးနပ်တဲ့ လူငယ်လေးတွေကတော့ တစ်စုံတစ်ဦးကို အိမ်ထောင်ဖက်မရွေးချယ်ခင် လမ်းညွှန်ပေးဖို့ မိဘတွေကို မေးမြန်းဆွေးနွေးကြတယ်။ ဒီနည်းနဲ့ အိမ်ထောင်ဖက်နဲ့ မိဘကိုအဆင်ပြေအောင်လုပ်တတ်ကြတယ်။ လက်ထပ်ထိမ်းမြားခြင်းဆိုတာကို ဘဝမှာ မှားယွင်းစွာရွေးချယ်မိရင် ရလာမယ့် အကျိုးဆက်တွေကို သင့်မိဘတွေက အတွေ့အကြုံအရ ပိုသိတယ်ဆိုတာကိုတော့ လက်ခံရမယ်မဟုတ်လား။

ဒီဇတ်လမ်းက ၂၅ နှစ်တိုက်ပွဲလေ။ ဒီတိုက်ပွဲက မိခင်ရဲ့အချစ်တစ်ခုကြောင့်ဖြစ်တဲ့ တိုက်ပွဲ မဟုတ်တော့။ မိခင်ရဲ့ အတ္တဖြစ်တယ်။

သမီးဘက်ကရော။ အချစ်အတွက် ၂၅ နှစ်ထောင်ကျခံလိုက်တဲ့ မိန်းကလေး။ မိန်းကလေးကို အချစ်နဲ့ သစ္စာ ဆိုတဲ့အရာတွေအတွက် ၂၅ နှစ်သက်သေပြတယ်လို့ သင် ချီးကျူးမှာလား။ အိမ်အကျဉ်းထောင်ထဲမှာ နေပြ၊ မာနကြီးမယ့်အစား မှန်ကန်တဲ့ လွတ်မြောက်ရာတစ်ခုခု ကြိုးစားသင့်တယ်မဟုတ်လား။ မိခင်ရဲ့ ရက်စက်မှု။ သမီးရဲ့ မိုက်မဲမှု။

ဘလန့်ချ်အပြင်ရောက်တော့ စကားတောင် သိပ်မပြောတတ်တော့ဘူး။ စကားလုံးတွေတောင် သတိမရတော့တဲ့ ဘလန့်ချ်ဟာ အရာအားလုံးကို သတိရလိုက်၊ မရလိုက်ပါပဲ။ ပုံမှန်မဟုတ်တဲ့ စိတ်အခြေအနေနဲ့ နောက်ထပ် ၁၂ နှစ်ကိုဖြတ်သန်းပြီး သေဆုံးသွားတယ်။ ထူးဆန်းတာက ဘလန့်ချ် လုံးဝဒေါသမကြီး။ စိတ်ပညာရှင်တွေက ဒါကို အအံ့ဩဆုံးပဲ။ ဘလန့်ချ်က အရင်ကလို ကြင်ကြင်နာနာ ယဉ်ယဉ်ကျေးကျေးပါပဲ။

ဘလန့်ချ်ကွယ်လွန်တော့ ၁၉၁၃ ခုနှစ်ပေါ့။ အိမ်အကျဉ်းထောင်ထဲက လွတ်မြောက်လာပြီး ၁၂ နှစ်အကြာ စိတ်ရောဂါကုဆေးရုံမှာပဲ ဘလန့်ချ် သေတယ်။

ဘလန့်ချ်ရဲ့ အစ်ကို မာဆယ်။ သူလည်း ငွေမက်၊ ဂုဏ်မက်သူ မိခင်နဲ့ ကြံရာပါမဟုတ်လား။ ဒါပေမဲ့ သူ့ကို တရားသူကြီးက ထောင်ဒဏ် ၁၅ လပဲ ချမှတ်ခဲ့တယ်။ မိခင်ခိုင်းတာကို မလွှဲမရှောင်သာလုပ်ရင်း ဒီရာဇဝတ်မှုကို ကျူးလွန်မိတယ်ပေါ့။

ဘလန့်ချ်ကိုကယ်တင်ဖို့ စာရေးခဲ့သူကို ဒီနေ့အထိ ဘယ်သူဆိုတာမသိဘူးတဲ့။ အိမ်အကူတစ်ယောက်ယောက်က ဖော်ကောင်လုပ်တာလား။ မာဆယ် တစ်ဖက်လှည့်နဲ့ တစ်ယောက်ယောက်ကို ရေးခိုင်းတာလား။ ဒီလျှို့ဝှက်ချက်ကိုသိတာဆိုလို့ ဘလန့်ချ်ရဲ့ အစ်ကို မာဆယ်နဲ့ အိမ်အကူတွေပဲရှိတယ်။ ဘလန့်ချ်ရဲ့အစ်ကို မာဆယ်က ရှေ့နေဆိုတာ သင် မမေ့နဲ့ဦး။ ဒေါသ၊ မာနကြီးတဲ့ အမေအိုသေပြီးမှ ဘလန့်ချ် အိမ်အကျဉ်းထောင်ထဲကပြန်ထွက်လာရင် သူ့အပြစ်ပုံကျမှာလေ။

ပြင်သစ်မလေး ဘလန့်ချ်ကတော့ အချစ်ကြောင့် ဒီလို ဘဝဆုံးခဲ့ရတယ်။

Do you think Love is the be- all and the end-all of life ?

အချစ်က ဘဝမှာ အရေးအကြီးဆုံးလို့ထင်လား?

မရွှေမိုး (ကိုရီးယား)
September 29th,2020.

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page