ပိုက်ဆံ နှစ်ဆယ့်ငါးသိန်းတသောင်းနဲ့ ရောင်းချခံလိုက်ရတဲ့ မြန်မာပြည် တက္ကသိုလ် အဆောက်အဉီးတခု

ပြည်လမ်း၊ စိုက်ပျိုးရေးမှတ်တိုင် အနီးမှာရှိခဲ့တဲ့ လိပ်ခုံးဆိုတာ နာမည်ကြီးခဲ့တဲ့ နေရာတစ်ခုပေါ့။ ဒီအဆောက်အဦးကို ၁၉၅၅-၁၉၅၆ ခုနှစ်လောက်က ဗြိတိန်အင်ဂျင်နီယာတွေ ဆောက်ခဲ့တယ်လို့ သိရပါတယ်။ ဗြိတိန် နာမည်ကြီးဗိသုကာပညာရှင် ရတ်လန်စကွဲယားနဲ့ အဖွဲ့ရဲ့ ဒီဇိုင်းလို့ သိရပါတယ်။ အလွန်လက်ရာမြောက်တဲ့ ဒီအဆောက်အဦးရဲ့ အမိုးခုံးဟာ အလျား ၁၅၃ပေ ၊ အနံ ၉၃ပေ ရှိပါတယ်။ လိပ်ခွံနဲ့တူတဲ့ အမိုးခုံးကို အစွဲပြုပြီး လိပ်ခုံးလို့ခေါ်ကြတယ်။

မူရင်းပို့စ်မှာပါတဲ့ လိပ်ခုံးအကြောင်း ဖတ်ကြည့်တော့ စိတ်ဝင်စားစရာ ကွန်းမန့် တွေ ဖတ်လိုက်ရပါတယ်။ စိတ်ဝင်စားစရာ ကွန်းမန့် အချို့ကို ထုတ်နုတ်ပြရရင်

(၁) ၁၉၆၀ခုနှစ်တုန်းက ‘နိုင်ငံတကာ ဗိသုကာ ဒီဇိုင်းဆု’ ရခဲ့ပါသည်။ အဆောက်အဦ၏ အခြားထူးခြားချက်မှာ အဆောက်အဦအောက် ရေလှောင်ခန်းရှိခြင်းပါ။ စက်ဖြင့်ရေသွင်းရေထုတ်လုပ်နိုင်ကြောင်း ကြားဖူးပါသည်။ လူအင်အားနည်းသောအခန်းအနားတွင် ရေစုပ်ထုတ်ထား၍ ဟောပြောသံတွင် လှိုင်သံ echo sound ပေါ်ပါသည်။ လူပရိတ်သတ် များချိန်တွင် ရေအပြည့်သွင်းကာ ဆူညံသံလျော့စေသည်ဟုဆိုပါသည်။

(၂) လိပ်ခုံးအဆောက်အဦးရဲ့ထူးခြားချက်၊ အခမ်းအနားများမှာ မိုက်ခရိုဖုန်း ဆောင်းဘောက် သုံးစရာမလိုပါ။ အဆောက်အဦးရဲ့ ညာဘက်ထိပ်နားအပြင်မှာ မြေအောက် ရေမြောင်းရှိပါတယ်။ မြောင်းထဲရေဖြည့်ထားရင် ရှေ့ကစကားပြောဒါနဲ့ နောက်ကကြားရပါတယ်။ ပတ်လည်အသံစနစ် လိုပါဘဲ။

(၃) ကျမမိဘတွေ အဲ့ဒီအကြောင်းပြောပြခဲ့ဘူးပါတယ်။ ရေထည့်တာ အနည်းများပေါ်မူတည်တယ်။ အသံကိုထိမ်းပေးတယ်လို့ ပြောပြဘူးပါတယ်။ စိတ်ဝင်စားစရာသိပ်ကောင်းပါတယ်။

အစက အမိုးကရေကျဖို့ အတွက်ရေနှုတ်မြောင်းလို့ ထင်ခဲ့တာ။ အဲ့လို မဟုတ်ပါဘူး။ ရေကိုအချိန်အဆနဲ့ထည့်ပြီး အသံထိမ်းဖို့ လုပ်တာဖြစ်နေပါတယ်။ ပန်းချီပြပွဲတစ်ခု လိပ်ခုံးမှာကျင်းပတုံးက မြောင်းဖုံးမှန်ကြည်အထူခင်းပြီး ရေသွင်းမြောင်းအတွင်းက မီးချောင်းထွန်းပြီးကျင်းပပါတယ်။ ပဲ့တင်သံနည်းသွားပါတယ်ပြောပါတယ်။ ၁၉၇၀-၇၅ ကျမတို့ပုဂံဆောင်သူတွေရဲ့ ရင်းနှီးခင်မင်တဲ့ လိပ်ခုံးပါ။

၁၉၅၅/၅၇ ဝန်းကျင်က ဆောက်နေစဉ်ကာလမှာ ရန်ကုန်တက္ကသိုလ်မှာဥပစာ(ခ)တန်း တက်နေတုံးဖြစ်လို့မကြာခဏ ညနေဖက်လမ်းလျှောက်ရင်း သွားကြည့်ဖူးတယ်။ အမိုးကိုလျှားထိုး သစ်၃/၄လွှာ တထပ်စီကန့်လန့်ဖြတ်မိုးပါတယ်။

တလွှာနဲ့တလွှာကြားမှာ မိုးရေလုံအောင် ကတ္တရာပြားတွေခင်းပြီးအပေါ်ဆုံးက ကြေးပြားတွေကို သံချေးမတက်နှိုင်တဲ့ ကြေးမှိုများနဲ့ရိုက်ပြီးကပ်တာကို တွေ့ဖူးပါတယ်။ ဒီလိုစံနစ်တကျ ခိုင်ခန့်အောင် ဆောက်ခဲ့တဲ့အဆောက်အဦး ပျက်သွားခဲရတယ်ဆိုတာ မယုံနှိုင်အောင်ဖြစ်ခဲ့ရပါတယ်။

အင်ဂျင်နီယာကောလိပ်အဖြစ် ဆောက်ခဲ့တာပါ။ ဆေးကောလိပ် ဖြစ်သွားတာကတော့ တချိန်မှာ သမီးတော်တပါး ဆေးကျောင်းရောက်ချိန်နဲ့ တိုက်ဆိုင်နေတာ သတိပြုမိပါတယ်။ဒီအဆောက်အဦးအပြင် ပြည်လမ်းကပြည်ထောင်စုရိပ်သာ၊ နတ်မောက်လမ်းက စက်မှုကျောင်း၊ မင်္ဂလာဒုံလေဆိပ်တို့ဟာ နိုင်ငံခြားအထောက်အပံ့နဲ့ ဆောက်ခဲ့တာလို့ မှတ်သားဘူးပါတယ်။

(၄) ကျနော်တို့ ၈၀ခုနှစ် ဆေးကျောင်း ဒုတိယနှစ် တက်တော့ လိပ်ခုံး ရှိသေးသည်။ တက္ကသိုလ်ပွဲတွေ မင်္ဂလာဆောင်တွေကျင်းပသေးသည်။ အတွင်းဖက် ကြမ်းခင်းတွေက ပျားအုံလို ဆဌဂံကွက်တွေဖြစ်ပါတယ်။ တချို့နေရာတွေမှာ ရေကန်လေးတွေလိုဖြစ်နေပါတယ်။

တချို့နေရာမှာ မှန်ထူအုပ်ထားခင်းထားပါတယ်။ ရှေ့ကပေါ်တီကိုက ခြေထောက်နှစ်ချောင်းထဲဖြစ်ပြီး အပေါ်ကကြည့်ရင် လိပ်ဦးခေါင်းပုံဖြစ်ပါတယ်။ အမိုးကတော့ အပေါ်က ကတ္တရာလိပ်မိုးထားတယ်လို့ ထင်ပါတယ်။ ဒီလိုအဆောက်အဦမျိုး B.P.ရှိနိုင်ပါတယ်။

အဓိကက အင်္ဂလိပ်လက်အောက်က မြန်မြန်လွတ်ချင်ဇောနဲ့ လွတ်လပ်ရေးယူလိုက်တဲ့အခါ အင်္ဂလိပ်က ဘာကိုမှ စနစ်တကျလွှဲချိန်မရှိတော့ပါ။ အဲဒီ (တက္ကသိုလ်များ နယ်မြေအင်ဂျင်နီယာဌာန) မှာလုပ်တုန်းက မိလ္လာလိုင်း တွေဆိုလည်း ပိုက်ပေါက်မှ အောက်မှာ လိုင်းရှိမှန်းသိရတာပါ။

တက္ကသိုလ်ထဲ မပြောနဲ့ ရန်ကုန်မြို့အတွက်လည်း အင်္ဂလိပ်ခေတ်က လုပ်သွားတဲ့ မြေအောက်လုပ်ငန်း တွေအတွက်လည်း ပုံဆွဲထားတာ တောင်မရှိပါ။ အဲဒါဟာ နှောင်းလူတွေတွေအတွက် အကြီးအကျယ်ဒုက္ခများရပါတယ်။

(၅) ၇၄ မှာ ဆေးကျောင်းပထမနှစ် စတက်တော့ လိပ်ခုံးက ကျနော်တို့အတွက် အပမ်းဖြေစရာနေရာတစ်ခုဖြစ်လာတယ်။ စာကျက်စရာနေရာ၊ ကြက်တောင်ရိုက်၊ခြင်းခတ်၊ ဘော်လုံးကန်၊ စစ်တုရင်ထိုး အမျိုးမျိုးသော အားကစားလုပ်ရာနေရာပါ။ ပန်းချီပြပွဲ အခမ်းအနား၊ ညစာစားပွဲ ကျင်းပရာနေရာ အမျိုးမျိုး အသုံးခံခဲ့တယ်။

RASU မှာဂုဏ်ယူစရာက ဘွဲ့နှင်းသဘင်ခန်းမ၊ သစ်ပုပ်ပင် RC ။ ဆေး ၁ ရဲ့ဂုဏ်ယူစရာက လိပ်ခုံး။ လူသိနည်းတဲ့ အချက်တစ်ချက်က လိပ်ခုံးခန်းမရဲ့ ဒေါင့် ၄ ဒေါင့်မှာ၄ ပေ ပတ်လည်ခန့်ရှိ ရေကန်ငယ်၄ ခုရှိနေတာပါဘဲ။ အခန်းအနားလုပ်ရင် တက်ရောက်မဲ့ ဧည့်သည်အရေအတွက် ပေါ်မူတည်ပြီးကန်တွေကို ရေအနိမ့်အမြင့်ထည့်ရပါတယ်။

ဟောပြောပွဲလုပ်တဲ့အခါ ထပ်ဆင့်အသံလှိုင်းတွေ မထွက်ပေါ်စေဘဲ အသံကို ကြည်ကြည်လင်လင်ကြားရအောင်တွက်ချက်စီမံ တည်ဆောက်ခဲ့တာ အတုယူစရာပါ။ ရှေးဟောင်းလက်ရာဖြစ်တာရယ်၊ အင်္ဂျင်နီယာအတတ်တွေမဖွံ့ဖြိုးခင်က တီထွင်တွက်ချက်ဆောက်လုပ်ခဲ့တဲ့န ည်းပညာတွေ ကွယ်ပျောက်သွားရတာ ကိုတော့ အရမ်းနှမျောမိပါတယ်။

(၆) အဲဒီမှာ လိပ်ခုံးက တအိအိပြိုဆင်းနေပါပြီ။ ပုံစံတွက်ချက်မှု မပြောနဲ့ ပုံဆွဲထားတာ တောင်မရှိပါ။ ဒီတော့ ထပ်ပြိုမကျအောင် အောက်ကငြမ်းဆင်ပြီး ထောက်ထားရပါတယ်။ ဘယ်လိုလုပ်နိုင်မလဲဆိုတာ အစည်းအဝေးပေါင်းများစွာ ထိုင်ခဲ့ပေမယ့် နည်းလမ်းမတွေ့ပါ။

တဖြည်းဖြည်းပြိုဆင်းနေတာကို မကုစားနိုင်တဲ့အဆုံး လေလံပစ်ပြီး ရောင်းစားလိုက်တာပါ။ သိရှိသူတွေ ခုထိသက်ရှိထင်ရှားရှိနေဆဲပါ။ မေးလို့ရပါတယ်။ အဆင်ပြေရင် ကျနော်နဲ့လည်း တွေ့ပြီးမေးနိုင်ပါတယ်။ သိရှိသူတွေနဲ့ တွေ့ချင်တယ်ဆိုလည်း ကျနော်လက်ဆွဲခေါ်သွားပေးပါ့မယ်။ စိတ်ကြိုက်မေးပါ။ အခုထိပင်စင် မယူရသေးသူတွေ ရှိနေဆဲပါ။

(၇) နောက်လိပ်ခုံးတခုရှိသေးတယ်၊ တက္ကသိုလ်ရိပ်သာလမ်းနဲ့ အင်းလျားလမ်းဒေါင့်မှာပါ။ သူကနဲနဲငယ်တယ်။ ပြည်လမ်းလိပ်ခုံးထက်အရင် ဖြိုဖျက်ခံရပြီး ယခုအခါ ဒီနေရာမှာ အမေရိကန်သံရုံးရဲ့ အဆောက်အဦ တခုဆောက်လုပ်ထားတာအမှတ်ရမိတယ်။

(၈) လိပ်ခုံးထဲမှာ ဘာအခန်းအနားလုပ်လုပ် စပီကာ ဆောင်းဘောက် ဘာမှမလိုပါ။ ရိုးရိုးပြောတာနဲ့တင် တခန်းလုံးကြားရပါသည်။ အဲ့ထဲမှာဘောလုံးလဲကန်ဘူးတယ်။ stage အကန့်ရဲနောက်ထဲမှာလည်း ဖဲခိုးရိုက်ဘူးတယ်။

ဆေးကျောင်းတက်တုန်းက လွမ်းထှာ၊ မှန်ကူကွက် အဆောက်အဦက ကျနော့် ဦးလေးတွေခေတ်က အင်ဂျင်နီယာကျောင်း တက်ခဲ့ကြတဲ့နေရာ၊ ကျနော်တို့ခေတ်ကျ ဆေး(၁)။

(၉) လိပ်ခုံးကတော့ ကျနော် ညနေပိုင်း IFL ပြင်သစ်ဘာသာ အချိန်ပိုင်း တက်ခဲ့ရတဲ့ နေရာ။ ၁၉၆၄- က I.Sc.(A) ဥပစာသိပ္ပံ(က)ကို လိပ်ခုံးမှာတက်ခဲ့ရတယ်။ အင်္ဂလိပ်စာ ကျူတာ ဆရာမက ဒေါ်နွဲ့ယဉ်ဝင်း(အဆိုတော်)၊ သင်္ချာ
ဆရာက ဦးစိန်ရှမ်း၊ အားလုံးဆရာတွေ ဝတ်ရုံအမဲကြီးတွေ(ရှေ့နေဝတ်ရုံမျိုး)ဝတ်ပြီးစာသင်ကြတယ်။

မြန်မာစာကလွဲရင် ကျန်ဘာသာတွေကို အင်္ဂလိပ်လိုပြောသင်တယ်။ နယ်stateကျောင်းသား မောင်မှတ်တို့ ပါးစပ်ဟောင်းလောင်းနဲ့ ဘာမှနားမလည်ပါ။ ကျောင်းတက်ပြီး ၁ လကြာတော့ ပါချုပ်ခေါ်တွေ့တယ်။

ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ အားလုံး tutorial တွေမှာ (zero)ထွက်နေလို့။ မင်းတို့ အချိန်မီသေးတယ်။ RASU ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ပြောင်းခိုင်းတယ်။ ဒါကို “ဆရာကြီးရယ်-အင်ဂျင်နီယာဖြစ်ချင်လို့ပါ၊ ကြိုးစားပါ့မယ် ဆိုပြီး
တောင်းပန်တဲ့အတိုင်း ကြိုးစားတာ အင်ဂျင်နီယာဖြစ်လာတယ်။

အဲဒီတုန်းက ပညာရေးစံနစ်ပြောချင်တာ။ လိပ်ခုံးအောက်မှာ အအေးပေး ရေမြောင်းစံနစ်က ရေက အသွားအပြန် ရေမြောင်းတွေနဲ့ ရှေ့က ရေကန်ကြီးကိုပို့၊ ရေပန်းနဲ့အအေးခံတယ်။ ရွှေရောင်ခေတ်ကို သတိရလွမ်းမောမိပါရဲ့။ ဆရာမနွဲ့ယဉ်ဝင်း က သိပ်ချောပါသည်ဗျာ။

(၁၀) ၁၉၈၉-၉၀လောက်မှာ အဆည က ပြုပြင်ထိမ်းသိမ်းနိုင်တော့ခြင်း မရှိတော့တဲ့အတွက် လေလံတင်ရာ ကြက်တန်းကုလားတွေက ၂၅သိန်း ၁ သောင်း နှင့် လေလံဆွဲ၀ယ်သွားပါတယ်။ ဆေးရေးပန်ချီကားနှင့် လိပ်ပြာတောင် အမိုးလေး ကျန်ခဲ့သော်လည်း ယခု မရှိရှာတော့ပြီ။

နော်ဂဲလယ်ထူး(စာပေပရဟိတ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page