အနောက်တိုင်းတီးဝိုင်းနဲ့ ထီးတော်တင်ခဲ့ရတဲ့ စေတီတဆူ (တေးရေး မောင်သစ်မင်း ကိုယ်တွေ့ဖြစ်ရပ်တခု)
၂၀၀၈ လောက်မှာ ကိုသစ်မင်းကို အင်တာသွားဗျူးရင်းနဲ့ ကြုံဖူးတဲ့ မမေ့နိုင်စရာအဖြစ်အပျက်လေးရှိရင် ပြောပြပါလို့ မေးခွန်းထုတ်လိုက်တယ်။ သူပြောပြတဲ့အကြောင်းက တကယ်ကို ထူးဆန်းအံ့ဩဖို့ကောင်းတယ်။
“၁၉၇၀ ကျော်လောက်ကပေါ့ဗျာ။ စတီရီယိုသီချင်းတွေကလည်း ခေါင်းထောင်ခါစ ကျွန်တော်တို့လည်း လမ်းသရဲဆိုပြီး လူကြီးတွေ နှာခေါင်းရှုံ့ကြတဲ့အချိန်။ အဲဒီမှာ ကျွန်တော်နဲ့အတွဲများတဲ့ E Machine အဖွဲ့ကို ဘုရားထီးတင်ပွဲတီးဖို့ လာငှါးတယ်။
မော်ဂင်ကြီးတို့ကလည်း ဘာပြန်ပြောရမှန်းမသိဘူး။ စတိတ်ရှိုးလည်းမဟုတ်၊ ပျော်ပွဲရွှင်ပွဲလည်းမဟုတ်ဗျာ။ လာငှါးတဲ့သူတွေ ကြည့်တော့လည်း တကယ့် တောသူတောင်သား ရိုးရိုးအအကြီးတွေ။ ဘုန်းကြီးက ငှါးခိုင်းတာတဲ့။ နိုင်ငံခြားတီးဝိုင်း ငှါးရမှာမို့တဲ့။
ကျွန်တော်လည်း ဘာဖြစ်ဖြစ် အတွေ့အကြုံပဲဆိုပြီး လက်ခံခိုင်းလိုက်တယ်။ တီးတဲ့နေ့ ကျွန်တော်လည်းလိုက်သွားတယ်။ အားလုံးက ဆံပင်ရှည်တွေ၊ ခေါင်းလောင်းဘောင်းဘီတွေနဲ့ဆိုတော့ ရွာသားတွေ ဝိုင်းကြည့်ကြတာ အုန်းအုန်းထနေတာပဲ။ ပစ္စည်းတွေဆင်ပြီး အသံတွေ ဘာတွေစမ်း အိုကေဆိုတော့ ဘုရားဦးဆောင်တည်တဲ့ဘုန်းကြီးက အိတ်ဆောင်နာရီတကြည့်ကြည့်လုပ်ရာက တီးတော့ဆိုပြီးအချက်ပြတယ်။
အဲဒီမှာ ဝုန်းဆို စ တီးလိုက်တာ Born to be wild။ တီးလုံးစတာနဲ့ ဘုန်းကြီးက ထီးတင်တဲ့အဖွဲ့ဆီ အချက်ပြလိုက်ရော ထီးတော်ကို ပန်းရထားနဲ့ဆွဲတင်တာ သီချင်းမဆုံးခင် ထီးတော်က စေတီပေါ်ရောက်သွားတယ်။ လူတွေက အောင်ပြီ အောင်ပြီဆို အားရ၀မ်းသာ အော်ကြတယ်။ ကျွန်တော်တို့လည်း တီးသာတီးနေရတယ် ဘာလို့မှန်းမသိရဘူး။
နားတဲ့အချိန်ကျမှ ဘုန်းကြီးကိုယ်တိုင်က ရှင်းပြတယ်။ ဒီဘုရားကိုထီးတင်ဖို့ လုပ်နေတာ နှစ်တော်တော်ကြာပြီတဲ့။ တင်လိုက်တိုင်း ထီးတော်က စေတီပေါ်မရောက်ဘဲ ပန်းရထား ကြိုးပြတ်ကျတာချည်းပဲတဲ့။ နောက်တော့ ဘုန်းကြီးကို အဲဒီစေတီနေရာက အစောင့်အရှောက်တွေက အိပ်မက်လာပေးသတဲ့။
သူတို့က မြန်မာတွေမဟုတ်ဘူး။ ငဇင်ကာနဲ့ပါလာတဲ့ ပေါ်တူဂီစစ်သားတွေ သေပြီး မကျွတ်မလွတ်ဖြစ်နေတာတဲ့။ ထီးတော် အောင်အောင်မြင်မြင်တင်နိုင်ချင်ရင် ရိုးရာတီးဝိုင်းမဟုတ်ဘဲ အနောက်တိုင်းတီးဝိုင်းနဲ့တင် တဲ့။ အဲဒါကြောင့် ရန်ကုန်ဆင်းခိုင်းပြီး ဒကာကြီးတို့တီးဝိုင်း လာငှါးရတာတဲ့။ ပဲခူးဘက်ကဘုရားပဲဗျ နေရာတော့ မမှတ်မိတော့ဘူး” လို့ ပြောပါတယ်။
ကျွန်တော်လည်း အံ့အားသင့်ပြီး အဲဒီအကြောင်း မဂ္ဂဇင်းထဲထည့်ရေးလို့ ရမလားဆိုတော့ ရေးလေဗျာ။ ကျွန်တော် တာ၀န်ယူနိုင်တယ်ဆိုလို့ ရေးလိုက်တယ်။ စာပေစိစစ်ရေးက ဖြုတ်လို့ မဂ္ဂဇင်းထဲမပါလိုက်ဘူး။
ကိုးကွယ်ယုံကြည်မှုရှုထောင့်က ကြည့်ရင်တော့ အငြင်းပွားစရာ အများကြီးပေါ့ဗျာ။ ဒါပေမဲ့ တကယ်ကြုံခဲ့တဲ့သူ အမှန်အတိုင်းပြောပြခဲ့တာကိုတော့ ပရလောကရဲ့ ထူးဆန်းအံ့ဩဖွယ်တစ်ရပ်အနေနဲ့ မျှဝေဖော်ထုတ်လိုက်တာပါ။ ကိုသစ်မင်းကိုယ်တိုင် ပြောပြဖူးတဲ့ မမေ့နိုင်စရာဖြစ်ရပ်တစ်ခုပါ။
Moethu Myint