ရန်ကုန် တို့ဆေးဂိုဏ်းကြီးကို ရှမ်းပြည်မှာ ဖမ်းမိ၊ ဂိုဏ်းဝင် အများအပြား ကျန်ရှိနေသေးဟုဆို

ရှမ်းပြည်နယ်(မြောက်ပိုင်း)နေရာအနှံ့၌ လူများကို တို့ဆေးဖြင့် တို့ခြင်းမျိုးအပါအဝင် နည်းအမျိုးမျိုးဖြင့် လိမ်လည်ပြီး တန်ဖိုးကြီးပစ္စည်းများကို လုယူသွားတဲ့ လူလိမ်ဂိုဏ်းကို တန့်ယန်းမြို့နယ်မှာ ဖမ်းမိထားတယ်လို့ သိရပါတယ်။

ယင်းလူလိမ်ဂိုဏ်းမှာ လူ ၁၇ ဦး ပါဝင်ပြီး ဇွန် ၂၄ ရက်တွင် ဖမ်းမိထားခြင်းဖြစ်ကာ တန့်ယန်းမြို့နယ် ဟွေကုန်ရွာ၌ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ထိုဂိုဏ်းအနေနဲ့ ပိုက်ဆံအသစ်လဲလှယ်ပေးခြင်း၊ ဖုန်းအဟောင်းများဝယ်ယူခြင်း၊ ထီလက်မှတ်များ ရောင်းဝယ်ခြင်း အမျိုးမျိုးတို့ကို အသုံးပြုပြီး လိုက်လံလိမ်လည်နေကြခြင်းဖြစ်တယ်လို့ သိရပါတယ်။

လူများအား တို့ဆေးဖြင့် တို့ခြင်းမျိုးအပါအဝင် နည်းအမျိုးမျိုးဖြင့် လိမ်လည်မှု ဖြစ်စဉ်မျိုးသည် သီပေါမြို့နယ်နှင့် လားရှိုးမြို့နယ်များတွင် ဖြစ်ပွားခဲ့ပြီး တို့ဆေးဖြင့် တို့ခံရသူများမှာ နာရီပိုင်းအထိ အသိစိတ် ပျောက်သွားပြီး တန်ဖိုးကြီးပစ္စည်းများအား ယူခိုင်းပါက ယူပေးရတာမျိုးကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

“တို့ဆေးသမားတွေလေ။ မြို့ကြီးတွေမှာ လုပ်စားမချောင်တော့လို့ နယ်ဘက်တွေ ဆင်းပြီး လိုက်လိမ်နေတာ။ အရင်က ကြားဖူးနားဝပဲရှိတာ ။ အခုတော့ တကယ်မိပြီလေ ” လို့ ဒေသခံတဦးက ပြောပါတယ်။ လူလိမ်ဂိုဏ်းအဖွဲ့ဝင် အများစုသည် ရန်ကုန်ဘက်မှ လာရောက်လေ့ရှိပြီး မြို့ပြနဲ့ဝေးတဲ့ ကျေးလက်ဒေသများကို အဓိက ပစ်မှတ်ထား လိမ်လည်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း လားရှိူးမြို့နယ်နှင့် သီပေါမြို့ နယ်တို့တွင်လည်း အလားတူ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ဖူးပြီး အဆိုပါ အုပ်စုဖွဲ့ လိမ်လည်သည့် ဂိုဏ်းများအား အမြစ်ပြတ်ဖမ်းဆီးနိုင်ခြင်း မရှိပါက အခြားဒေသများမှ ပြည်သူများလည်း ခံရမည်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြပါတယ်။

“မှော်ဘီမြို့၊ တပ်ကြီးကုန်း၊ အောင်မင်္ဂလာပိုင်း၊ အမှတ် (၁) ရပ်ကွက်၊ ဖိုးစိန် သမီး၊ နီလာအေး၊ သီတာအေး အဖွဲတွေ့ပါ။ အရင်တုန်းက ထီလိမ်လည်တဲ့ အဖွဲ့တွေပါ” ဟု အကြောင်းသိသူတဦးက လူလိမ်ဂိုဏ်းရဲ့ ဇစ်မြစ်ကို ပြောကြားခဲ့ပါတယ်။ တို့ဆေးဂိုဏ်းရဲ့ ဂိုဏ်းဝင် အများအပြား ကျန်နေသေးပြီး ဆက်လက် ဖော်ထုတ်သွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page