ကားစက်ရုံတွေ ပိတ်သိမ်းမှုကြောင့် ကားမူဝါဒကို ပြန်သုံးသပ်နေဟု စကစဝန်ကြီးပြော (ဆေးမမီတော့ပါဘူး)

ပြည်တွင်းမှာ လာရောက်ထုတ်လုပ်နေတဲ့ နာမည်ကြီး ကားစက်ရုံအချို့ ထုတ်လုပ်မှုရပ်နားထားရခြင်းကြောင့် ကားမူဝါဒများကို ပြန်လည်သုံးသပ်နေတယ်လို့ စကစ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားလိုက်ပါတယ်။

“မော်တော်ယာဉ်တင်သွင်းခွင့်ရော၊ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ပြီး ရောင်းချတဲ့ မူဝါဒကို ပြန်ပြီး သုံးသပ်နေပါတယ်” လို့ ဒေါက်တာပွင့်ဆန်းက တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ဆီစက်ပိုင်ရှင်များအသင်းရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ နာမည်ကြီးကားအမှတ်တံဆိပ်တွေဖြစ်ကြတဲ့ ဆူဇူကီး၊ နစ်ဆန်း၊ ကီယာ ၊ ဟွန်ဒိုင်း၊ ဖို့ဒ် အပါအဝင် ကားကုမ္ပဏီ တစ်ဒါဇင်ကျော်ခန့် ထုတ်လုပ်မှုရပ်နားထားရပြီး ဆူဇူကီးထုတ် မော်ဒယ်အချို့နဲ့ ကျပ်သိန်း ၁၀၀၀ အောက် ကားအမျိုးအစားတွေ ဈေးနှုန်းမြင့်တက်လျက်ရှိပါတယ်။

“လူကြိုက်များတဲ့ကားတွေက အရင်ထဲက ထွက်နေတာတောင် ဈေးတက်နေတာ မထွက်တော့ရင် ဈေးပိုတတ်သွားနိုင်တယ်’’လို့ ကားတင်သွင်းရောင်းချသူတစ်ဦးက ပြောကြားထားပါတယ်။ ဆူဇူကီးရဲ့ ပြောကြားမှုအရ စကစရဲ့ ဒေါ်လာငွေလိုအပ်ချက်အပေါ် တင်းကြပ်စွာ လုပ်ဆောင်လာတဲ့ မူဝါဒကြောင့် လိုအပ်သော အစိတ်အပိုင်းတွေ ဝယ်ယူလို့မရ ဖြစ်နေကြောင်း သိရှိရပါတယ်။

တစ်ဖက်ကလည်း နိုင်ငံခြားငွေ ကန်ဒေါ်လာအများအပြား သုံးစွဲရတဲ့ သွင်းကုန်တွေကို စိစစ်ကန့်သတ်ခြင်းကြောင့်လည်း ယခုလို အခက်အခဲများ ဖြစ်ပေါ်နေကာ ဗဟိုဘဏ်ကလည်း လက်ရှိအချိန်ထိ နိုင်ငံခြားငွေကြေး ထိန်းချုပ်မှုကို တင်းကြပ်စွာ လုပ်ဆောင်နေပါတယ်။

လက်ရှိအချိန်မှာတော့ ပြည်တွင်း ကားဈေးကွက်မှာ SKD ကားများ အဆမတန် ဈေးတက်သွားပြီး ဂျပန်ကားဟောင်းဈေးတွေလည်း နာရီနဲ့အမျှ ဆက်လက် မြင့်တက်နေတယ်လို့ သိရပါတယ်။

ကားမူဝါဒ ပြောင်းလဲမယ်ဆိုတဲ့ ကောလာဟလတွေလည်း အများအပြား ထွက်ရှိနေပြီး လတ်တလော ကားဈေးကွက်အနေနဲ့ကတော့ အရောင်းအဝယ် အားလုံး နီးပါး ရပ်ဆိုင်းသလို ဖြစ်နေကာ ကြိုက်ရောင်းကြိုက်ဝယ် အနေအထားမျိုး ဖြစ်နေတယ်လို့ ကားပွဲစားတဦးက မှတ်ချက်ပေးပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page