“၃၇၅ ဘတ်စ်ကား” – ဘေဂျင်းရဲ့ တကယ့်ဖြစ်ရပ်မှန် နာမည်ကြီး တစ္ဆေဇာတ်လမ်းတစ်ပုဒ်

“၃၇၅ ဘတ်စ်ကား”

၁၉၉၅ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်ည..။ တရုတ်နိုင်ငံ၊ ဘေဂျင်း..။ ညဉ့်အရမ်းနက်ပြီး ဆောင်းရာသီက အေးခဲလှတဲ့အပြင် လေက အရမ်းပြင်းထန်နေတယ်။ ဘတ်စ်ကားတစ်စင်းဟာ ယွမ်မင်ယွမ် (Yuanmingyuan) ဘတ်စ်ကားဂိတ်က တဖြည်းဖြည်း​ထွက်ခွာလာတယ်။ အဲဒီကားက Xiangshan ဘတ်စ်ကားဂိတ်အထိ သွားမယ့် ၃၇၅ ဘတ်စ်ကားဖြစ်တယ်။

ဘတ်စ်ကားပေါ်မှာ ယာဉ်မောင်းနဲ့ လက်မှတ်ရောင်းသူ အမျိုးသမီးငယ်တစ်ဦး။ ဒါ ဒီညရဲ့နောက်ဆုံးဘတ်စ်ကားပဲ။

ပထမဆုံး မှတ်တိုင် (South Gate Bus Station of Yuanmingyuan) မှာရပ်လိုက်တော့ ခရီးသည် ၄ ​​ယောက်တက်လာတယ်။ လူငယ်စုံတွဲ တစ်တွဲ၊ အဘွားအို တစ်ဦး ၊ လူငယ် တစ်ဦး ၊ သူတို့ဘတ်စ်ကားပေါ်တက်ပြီးတဲ့အခါ၊ လူငယ်စုံတွဲဟာ ကားမောင်းသူအနောက်ဘက် နှစ်တန်းမြောက်က နှစ်ယောက်ထိုင်ခုံ (double-row seat) မှာတွဲထိုင်တယ်။ လူငယ်နဲ့ အဘွားအိုက ဘတ်စ်ကားရဲ့ ရှေ့တံခါးအနီးက ညာဘက်ခြမ်း (the single-row seat) မှာရှေ့နောက်ဆင့်ပြီးထိုင်ကြတယ်။

ညဟာ အေးဆေးတည်ငြိမ်နေပြီး ဘတ်စ်ကားအင်ဂျင်ရဲ့ဟောက်သံလောက်ပဲ ကြားနေရတယ်။ ဘေးကဖြတ်သန်းသွားတဲ့ယာဉ်တွေနဲ့ လမ်းသွားလမ်းလာတွေကိုတော့ မမြင်ရ လောက်အောင်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဘေဂျင်းမြို့ရဲ့ နို၀င်ဘာလ ညဉ့်နက်ပိုင်းတွေဟာ အရမ်းအေးပြီး မြူတွေကျကာ မှောင်မိုက်လေ့ရှိတယ်။

ဘတ်စ်ကားဟာ ဝေးလံခေါင်ဖျားတဲ့ဆင်ခြေဖုံးနေရာတွေကို ဖြတ်သွားတဲ့ကားမို့..။ (အဲ့ဒီတုန်းက ၃၇၅ ဘတ်စ်ကားသွားရာလမ်းကြောင်းဟာ အလွန်ဝေးလံသောဒေသများကို ဖြတ်သန်းမောင်းနှင်ရတယ်။) ဘတ်စ်ကားဟာ ရှေ့ဆက်မောင်းခဲ့..။

ဘတ်စ်ကားက နောက်မှတ်တိုင်ဖြစ်တဲ့ (Beigongmen) ကားမှတ်တိုင်ကိုဖြတ်သွားတယ်။ ကားမှတ်တိုင်မှာ လူတစ်ယောက်မှမရှိ။ ဒါကြောင့် မရပ်တော့ဘဲ ဆက်မောင်းလိုက်တယ်။

ယာဉ်မောင်းဟာ ရုတ်တရက်ကျယ်လောင်စွာ အော်ဟစ် ညည်းတွားလိုက်တယ်။ “အိုး ရှေ့မှာလူတွေပါလား။ ဘာတွေလဲ..။ မှောင်လိုက်တာ။ ဒီတစ်ခါ အမှောင်ကတော့ ကျွန်တော် သရဲတစ်ကောင်ကိုတောင်မြင်နိုင်မှာမဟုတ်ဘူး။ ဒီနေ့တော့ ငရဲပဲ။ ဒီလူတွေ ဘာလုပ်နေလဲ မသိ ”

ဘတ်စ်ကားက သူတို့နဲ့ နီးလာတော့.. မီတာ ၁၀၀ လောက်အကွာအဝေးကအရိပ် ၂ ခုဟာ ဘတ်စ်ကားကို အသည်းအသန်တားနေတာကို ကားပေါ်ကလူတွေ အကုန်မြင်လိုက်ရတယ်။

လက်မှတ်ရောင်းသူ ကောင်မလေးက.. “ရပ်ပေးလိုက်ပါ။ အပြင်မှာရာသီဥတုအရမ်းအေးနေတာ.. ပြီးတော့ ကျွန်မတို့ကားက နောက်ဆုံးဘတ်စ်ကားမဟုတ်လား?” (အဲဒီအချိန်တုန်းက Yuanmingyuan-Xiangshan Road section မှာ အဲဒီ ၃၇၅ ဘတ်စ်ကားပဲရှိတယ်။ တက္ကစီတွေလည်း အဲဒီလိုဝေးလံခေါင်ဖျားတဲ့လမ်းကိုမပြေးနိုင်ဘူး။)

မှတ်တိုင်မဟုတ်ဘဲရပ်တာ တရားမဝင်ပေမဲ့ ကြင်နာတတ်တဲ့ ဘတ်စ်ကားမောင်းသမားက ကားရပ်ပေးလိုက်တယ်။

ဘတ်စ်ကားပေါ်တက်လာတာ သူတို့ထင်တဲ့အတိုင်း လူနှစ်ယောက်မဟုတ်ပါ။ လူသုံးယောက်ဖြစ်နေတယ်။ဘာဖြစ်လို့လဲဆိုတော့ လူနှစ်ဦးရဲ့ကြားမှာ နောက်လူတစ်ယောက်ရှိနေသေးလို့ပဲ။ အလယ်ကလူဟာ သူရဲ့ဦးခေါင်းကို ငိုက်စိုက်ချထားတယ်။

ကျန်တဲ့ ၂ ယောက်ကတော့ ဟိုးရှေးရှေးတုန်းက အင်္ကျီအရှည် (Qing Dynasty 1644-1911 ခေတ်က) ကို ခြေထောက်ဖုံးတဲ့အထိ ဝတ်ထားတယ်။ မျက်နှာတွေမှာ မိတ်ကပ်ဖြူဖြူတွေ လိမ်းထားသလို..။ လူတွေက အခြေအနေကို ကြောက်လန့်သွားကြတယ်။ ကားမောင်းသူကလည်း ကွက်ကြည့်၊ ကွက်ကြည့်နဲ့ ဘတ်စ်ကားကို ရှေ့ဆက်မောင်းခဲ့..။

အမျိုးသမီးလက်မှတ်ရောင်းသူက အားလုံးစိတ်သက်သာရာရအောင် ဒီလိုစကားစတယ်။ “ ဒီနား အနီးတစ်ဝိုက်မှာ အဲဒီလိုဝတ်စုံတွေဝတ်ပြီး ရုပ်ရှင်ရိုက်ကြသလားပဲနော်..။ အဝတ်အစားလဲဖို့အချိန်မရကြဘူးလား ရှင့်? အလယ်က တစ်ယောက် အရမ်းသောက်လာတယ်ထင်ပါ့။ “…….”

သူမပြောတာကို လူတိုင်းနားထောင်နေတယ်။ အားလုံးငြိမ်သက်ပြီး အသံတစ်သံမှ တုန့်ပြန်ထွက်မလာ။ လက်မှတ်ရောင်း မိန်းမပျိုလေးက ခေါင်းကိုလှည့်ကြည့်ပြီး နောက်ဆုံးတန်းမှာ ထိုင်နေတဲ့ လူသုံးယောက်ကို လေးလေးနက်နက်ကြည့်လိုက်တယ်။ ဘာလို့ စကားမပြန်တာလဲဆိုတဲ့ အကြည့်နဲ့ပေါ့..။

ကားကရှေ့ဆက်လက်မောင်း.. ဘတ်စ်ကားက ပြတင်းပေါက်က လေတိုက်သံတွေ တဝူးဝူး နဲ့…။ မှတ်တိုင်သုံးခု…လေးခု….ကျော်ဖြတ်။ ဘတ်စ်ကားတစ်ခုလုံး တိတ်ဆိတ်နေဆဲ…။

ရှေ့မှတ်တိုင်ကျတော့ လူငယ်စုံတွဲဟာ ဘတ်စ်ကားပေါ်က ဆင်းသွားတယ်..။ ယာဉ်မောင်းနဲ့ စပယ်ယာအမျိုးသမီးလေးဟာ တိတ်ဆိတ်မှုကို ဖြိုခွင်းတဲ့အနေနဲ့ စကားစမြည်ပြောပြီး ရယ်မောကြတယ်။

အဲဒီအချိန်ပေါ့..။ အဘွားအိုက ရုတ်တရက် မတ်တပ်ထရပ်လိုက်တယ်။ အရှေ့မှာထိုင်နေတဲ့လူငယ်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး “ သူခိုးဗျို့… သူခိုး!!!” လို့ အဘွားကြီးက ရူးသွပ်စွာအော်ဟစ်လိုက်တယ်။

လူငယ်က ကြောင်တောင်တောင်နဲ့ အဘွားကြီးကိုကြည့်တယ်။ အဘွားကြီးက အသက်ကြီးနေပြီ..စိတ်မမှန်ဘူးထင်ပါရဲ့ လို့ တွေးမိတယ်။ အဘွားကြီးက မရပ်.. ဆက်တိုက်အော်နေတယ်။

ကားပေါ်မှာ အပြေးတစ်ပိုင်းထရပ်ပြီး စွပ်စွဲနေတဲ့ အမျိုးသမီးအိုကြီးကို ကြည့်နေရင်း အဲဒီလူငယ်ဟာ ဒေါသထွက်လာတယ်။ အဘွားအိုက ပိုဆိုးတယ်။ လူငယ်ကိုအော်ငေါက်ရုံမက လက်ဝဲလက်နဲ့ လူငယ်ရဲ့ ရှပ်အင်္ကျီလည်ပင်းကော်လာကို ဆုပ်ကိုင်လိုက်တယ်။ လူငယ်ဟာ ပြောမပြနိုင်လောက်အောင်ဒေါသထွက်သွားတာပေါ့ ။

အဘွားအိုက.. “ရှေ့မှတ်တိုင်မှာရပ်၊ အဲဒီနားမှာ ရဲစခန်းရှိတယ်”

“ ဒါဆို ရဲစခန်းသွားမယ်ဗျာ။ ကျွန်တော်တို့အမှန်တရားကို ဖော်ထုတ်ရမှာပေါ့”

ဘတ်စ်ကားက မှတ်တိုင်မှာ ရပ်တန့်သွားတယ်။ အဘွားအိုက လူငယ်လေးရဲ့ ရှပ်အင်္ကျီကို မလွှတ်ဘဲ ဘတ်စ်ကားပေါ်ကဆင်းလိုက်တယ်။

သူတို့ကိုထားပြီး မောင်းထွက်သွားတဲ့ဘတ်စ်ကားကိုကြည့်ပြီး အဘွားအိုက အသက်ပြင်းပြင်း ရှူလိုက်တယ်။

လူငယ်က.. “ရဲစခန်းဘယ်မှာလဲ” လို့ စိတ်ဆိုးဆိုးနဲ့ အော်လိုက်တယ်။

အဘွားအိုက.. ” ကောင်လေး …မင်းရဲ့အသက်ကို ငါ ကယ်လိုက်တာ”

လူငယ်ဟာ နားမလည်နိုင်လောက်အောင်ဖြစ်သွားတယ်။

အဘွားအိုက.. “ ကားပေါ် နောက်တက်လာတဲ့ လူ ၃ ယောက် ကလူတွေမဟုတ်ဘူး။ တစ္ဆေတွေဟဲ့”

“ဗျာ..?”

လူငယ်က.. “အဘွားကြီး .. တကယ့်ကို စိတ်မမှန်ပါလား” လို့ စိတ်ဆိုးဆိုးနဲ့လှည့်ထွက်သွားတော့တယ်။

“ ဟေ့၊ ခဏနေဦး.. မင်းမယုံဘူး မဟုတ်လား..သူတို့ဘတ်စ်ကားပေါ်တက်လာကတည်းက ငါသံသယရှိတယ်။ ဒါကြောင့်သူတို့ကို ငါ မသိမသာကြည့်နေတာ။ ပြတင်းပေါက်ကနေ လေတိုက်တော့ သူတို့ အင်္ကျီအရှည်ကြီး လန်သွားတယ်။ သူတို့မှာခြေထောက်တွေမရှိဘူးဆိုတာ ငါသိလိုက်ရတယ်။”

လူငယ်ဟာ မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ စကားလုံးတစ်လုံးမှ မပြောနိုင်..။

အဘွားအိုက.. “ မင်းဘာလုပ်နေတာလဲ။ ရဲစခန်းသွားပြီး အကြောင်းကြားရအောင်” သူတို့ ရဲတိုင်ပေမဲ့ ဘယ်သူကယုံမှာလဲ…။ လူငယ်လည်း သိပ်မယုံဘူး။

နောက်တစ်နေ့.. ဘတ်စ်ကား ၃၇၅ ယာဉ်မောင်းနဲ့ အမျိုးသမီးလက်မှတ်ရောင်း ပျောက်ဆုံးနေကြောင်း သတင်းထဲပါလာတာပဲ။

ဘေဂျင်းမြို့ ညနေသတင်းက လူငယ်နဲ့ အဘွားအိုကို တိုက်ရိုက်တွေ့ဆုံမေးမြန်းပြီး ရုပ်မြင်သံကြားမှာလွှင့်လိုက်တယ်။ အဲဒီ ထိတ်လန့်ဖွယ်ကောင်းတဲ့ သတင်းဟာ လျင်လျင်မြန်မြန်ပဲ ပျံ့နှံ့သွားတယ်။

အဲဒီတုန်းက ဘေဂျင်းမြို့ရဲ့အမှတ် ၃၇၅ ဘတ်စ်ကားပျောက်ဆုံးတဲ့ အကြောင်းဟာ ဘေဂျင်းမြို့ကလူတွေ မသိတဲ့သူ မရှိသလောက်ပဲ။

တတိယမြောက်နေ့မှာ Xiangshan က ကီလိုမီတာ ၁၀၀ ကျော်ဝေးတဲ့ (ကားမောင်းရင် ၂ နာရီ) Miyun ရေလှောင်ကန်နားမှာ ပျောက်ဆုံးနေတဲ့ ဘတ်စ်ကားကို ရဲတွေက ရှာတွေ့ခဲ့..။

ပထမအချက်က ဘတ်စ်ကားဟာ တစ်နေ့လုံးခရီးသွားပြီးတာကြောင့် နောက်ထပ် ကီလိုမီတာ ၁၀၀ ကျော် ဆက်သွားဖို့ ဓာတ်ဆီအလုံအလောက်မရှိပါ။ ဘတ်စ်ကားထဲက လောင်စာဆီဟာ ဓာတ်ဆီမဟုတ်ဘဲ အမည်းရောင် ပျစ်ပျစ်အရည် (တိရစ္ဆာန်သွေးနဲ့ လူသွေး ရောထားတယ်လို့ထင်ရတဲ့ အရည်) တွေနဲ့ပြည့်နေ။

အလောင်း ၃ လောင်းတွေ့ရပြီး အလောင်းတွေဟာ နှစ်ရက်တောင်မပြည့်သေးဘူး… အလွန်ပဲ ပုပ်သိုးပျက်စီးနေတယ်။ (နွေရာသီလည်းမဟုတ်)

ရဲတွေက ဘတ်စ်ကားပြန်တွေ့တဲ့ Miyun အထိ ကင်မရာ (traffic monitors) တွေကို စစ်ကြည့်တော့ ထူးထူးဆန်းဆန်း အဲဒီ ဘတ်စ်ကားဖြတ်သွားတာ မတွေ့ရ။ ဒီအကြောင်းကို ဖြေရှင်းချက်မပေးနိုင်ခဲ့။ ဘေဂျင်းမြို့မှာ ဒဏ္ဍာရီတစ်ခုလို ကျန်ရစ်တယ်။

နောက်ပိုင်း ဘတ်စ်ကားကိုတားတာ အနီရောင်၀တ်စုံ အမျိုးသားတွေအစား… အဖြူရောင်ဝတ်စုံမိန်းကလေး… ဆိုပြီး ဒဏ္ဍာရီပုံပြင် ဖြစ်သွားတယ်။

ဒီအဖြစ်အပျက်ကို ရဲတွေဘက်ကတော့လျှို့ဝှက်ဆန်းကြယ်တဲ့ လူသတ်မှုတစ်ခုနဲ့ ဆက်စပ်နေတယ်လို့ ကောက်ချက်ချတယ်။ သတိလစ်မေ့မြောနေတဲ့သူဟာ သေနေပြီး ဘေးကလူနှစ်ယောက်ဟာ အမှန်တကယ်လူသတ်သမားတွေလို့ ခန့်မှန်းကြတယ်။ ယာဉ်မောင်းနဲ့ လက်မှတ်ရောင်းအမျိုးသမီး ထပ်ပြီးသေဆုံးခဲ့ရတာ စိတ်မကောင်းစရာပေါ့။

လူသတ်သမားတွေကို ရဲတွေဘက်က အချိန်အတော်ကြာကြာရှာဖွေခဲ့ကြပေမဲ့ ခိုင်မာတဲ့သက်သေမရှိလို့ဆိုတယ်။ ကမ္ဘာပေါ်မှာ လေလုံတဲ့နံရံမရှိဘူးတဲ့။ တစ်စုံတစ်ဦးကတော့ အမှန်တရားကို သိနေမှာပါ။

ဘတ်စ် ၃၇၅ လမ်းကြောင်းလည်း ပြောင်းလိုက်တယ်။ ဘတ်စ်ကားနံပါတ်ကိုလည်း ပြောင်းလိုက်တယ်။ နောက်ဆုံးဘတ်စ်ကားကို ည ၉ နာရီလို့ သတ်မှတ်ခဲ့ကြတယ်။

ဘေဂျင်းရဲ့ တကယ့်ဖြစ်ရပ်မှန် နာမည်ကြီး သရဲတစ္ဆေဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်။ ဒါရိုက်တာ Wang Huanwu က ၂၀၁၅ မှာ အဲဒီအကြောင်းကို ရုပ်ရှင်ရိုက်ပြီး ၂၀၁၆ မှာ ရုံတင်ခဲ့တယ်။

ရုပ်ရှင်ရိုက်နေတုန်း ရုပ်ရှင်ထဲမှာ မပါတဲ့သူတွေရဲ့ ပုံတွေပါနေတာကို အံ့ဩစွာတွေ့ခဲ့ရတယ်…။ မင်္ဂလာဆောင်ဝတ်စုံအနက် ဝတ်ထားတဲ့ ယောက်ျားနဲ့ မိန်းမတစ်ယောက်..။ (Beijing 375 Last Bus Movie)

၂၀၀၇ ခုနှစ်လောက်ကစပြီး ဘတ်စ် ၃၇၅ ကောလာဟလတွေ ထပ်ပြီး အင်တာနက်ပေါ်ပျံ့နှံ့လာတယ်။ ရုပ်ရှင်ရိုက်လိုက်တော့ ဘေဂျင်းမြို့သားတွေကို ထပ်ပြီးသတိပေးသလိုဖြစ်သွားတယ်။

တချို့ကိစ္စတွေဟာ ဘယ်တော့မှ ဖြေရှင်းလို့မရတဲ့အခါ ဒဏ္ဍာရီတစ်ခုလို ဖြစ်သွားတတ်တယ်တဲ့..။ ၁၉၉၅၊ နိုဝင်ဘာ ၁၄ ရက် ညသန်းခေါင်မှာ ၃၇၅ ဘတ်စ်ကား ရုတ်တရက်ပျောက်သွားတာတော့ အမှန်ပဲ။ ဘေဂျင်းမြို့သားတွေဆို ဒီအကြောင်းသိကြတယ်။

မရွှေမိုး (ကိုရီးယား)
July 5th,2020.

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page