ပေါ့လျော့စွာ လုပ်ထားခဲ့တဲ့ သံတံခါးကြောင့် မဖြစ်သင့်ဘဲ ဖြစ်သွားရတဲ့ ဝမ်းနည်းစရာ အဖြစ်

ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ (၁၃) ရပ်ကွက်၊ ခရေလမ်းတွင် ဇန်နဝါရီ ၁၂ ရက်က သံပန်းတံခါးပိ၍ ကွယ်လွန်ခဲ့သည့် အသက် (၆) နှစ်အရွယ် မောင်ကောင်းထက်ကျော်၏နာရေးကို ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ပြီး ညနေ ၄ နာရီအချိန်မှာ ကျီစုသုဿန်မှာ ပို့ဆောင် မီးသင်္ဂြုလ်လိုက်တယ်လို့ သိရပါတယ်။

မောင်ကောင်းထက်ကျော်ဟာ သူနေထိုင်ရာ ငုဝါလမ်းမှ တလမ်းကျော် ခရေလမ်းသို့ အဒေါ်ဖြစ်သူနှင့်အတူ အလည်သွားစဉ် ခြံတခုမှ သံပန်းတံခါး ပြုတ်ကျပိမိ၍ မေဓာဝီဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ရရှိသည့်ဒဏ်ရာနဲ့ ကွယ်လွန်ခဲ့ရတာလို့ သိရပါတယ်။ မောင်ကောင်းထက်ကျော်ရဲ့ ဉီးလေးက ရေးသားထားမှုကို ပြန်လည် ဖော်ပြ လိုက်ပါတယ်-

“သာကေတ ၁၀ တောင် ၁၃ ရပ်ကွက် ခရေလမ်းမှာဖြစ်သွားတဲ့ အ​ကြောင်း၊ အခုတော့ အသုံးမကျတဲ့ သံပန်းလုပ်သူ တွေရယ်၊ အလုပ်တခုလုပ်ရင် ဆရာကျအောင်လုပ်ပါကွာ။ မှုခင်းစစ်လာတော့ ဒီတံခါးကို လူ ၇ ယောက်မရတယ်။

အခု ငါ့တူ အသက်တချောင်း ပါသွားပြီ။ အခုဝိုင်းပြထားတဲ့ နေရာမှာ ပုံမှန်ဆို အထိန်း နှစ်ခုက ပါကိုပါရတယ်။ အခုတော့ကွာ သူဘယ်လောက်တောင် နာကျင်ရမလဲ ပိတဲ့အချိန်အော်ငိုပြီ သူ့အားနဲ့တွန်းနေမှာ၊ ဒါပေမယ့် အဲဒီခဏလေးပဲ သူလုံးဝမလှုပ်တော့ပဲ ဆေးရုံကားပေါ်မှာတင် လူးလိမ့်ပြီ အသ-က်ထွက်ခဲ့တယ်။

ဦးသာရှိရင် ဦးဝင်ခံပေးတယ် တူလေးရယ်။ ဦးပြန်လာရင် အရုပ်ဝယ်ခဲ့နော်တဲ့ ဦးပြန်လာရင် တူလေးတွေ တူမလေးတွေနဲ့ မုန့်သွားစား၊ လိုချင်တာ ဝယ်ပေးဖို့ ဦးပိုက်ဆံထွက်ရှာနေတာ တူလေးရယ်။ ဦးက ပြန်လာတော့မှာလေကွာ၊ မင်းဘဝလေးက ငယ်ငယ်ကတည်း ဒုက္ခများစွာနဲ့ အခုလည်း ဦးမခံစားနိုင်ဘူးကွာ တူလေးရယ်။” (Pyae Sone Aung)

အဆိုပါ သတင်းကို ကြားရတဲ့ ပြည်သူများကလည်း ဝမ်းနည်းလျက် ရှိကြပြီး ပေါ့လျော့စွာ လုပ်ကိုင်ထားတဲ့ သံပန်းအလုပ်သမားတွေကို အပြစ်တင်နေကြတာ တွေ့ရပါတယ်။

လူနေထိုင်တဲ့ရပ်ကွက်မှာ အိမ်တွေ ဆောက်ကြတဲ့အခါမှာ လုံခြုံစိတ်ချ ဘေးကင်းဖို့က အဓိကဖြစ်ကြောင်း၊ လူ့အသက်ထက် ဘယ်အရာမှ အရေးမကြီးကြောင်း၊ လုပ်ငန်းလုပ်တဲ့သူတွေအနေနဲ့ ငွေရ ပြီးရော မလုပ်သင့်ကြောင်း ကန်ထရိုက်တာတဦးက မှတ်ချက်ပေးထားပါတယ်။ လက်ရှိမှာ အဆိုပါ သံပန်းတံခါး ပြုလုပ်ခဲ့သူတွေကို အမှုဖွင့်ချင်း ရှိ၊ မရှိ မသိရသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page