ဟင်းမပါလည်း စားရမှာပဲတဲ့ (ယနေ့ခေတ်ကို ထင်ဟပ်ပြနေတဲ့ ကြေကွဲဖွယ် ပုံရိပ်)

ဟင်းလေးတောင် မပါဘူး သားရယ် မပါလည်းစားရမှာပဲ လေတဲ့ ထမင်း (ကော်တွေ – ဘာပရိုတိန်းမှ မပါတဲ့ ကစီတွေ) တွေကို ခေါင်းမဖော်တမ်းငုံ့လွေးနေရာကနေ ဖြေလိုက်တာ ကြည့်မိတဲ့ ကျနော်က ရင်ဆို့ မျက်ရည်တွေ ကျ။

ကျနော်တို့က ဟင်းငတ်ခဲ့တဲ့ မျိုးဆက်ပါ။ မဆလ လက်ထက် နိုင်ငံ မွဲအားကြီးနေတုန်း မွေးလာခဲ့၊ ဟင်းဆိုတာ ဘဲဥ တခြမ်း ၊ အာလူးတစိတ် ဆို သိပ်ကောင်းတဲ့ ဟင်းကောင်း ဖြစ်ခဲ့ရတဲ့ ကာလ၊ အာဟာရ မပြည့်ဝ လို့ ကိုယ့်လူမျိုးစု တနိုင်ငံလုံးက မျိုးဆက်တွေ ပုဝင်ကြုံလှီ သွားရတဲ့ မျိုးဆက်မှာ ကျနော် နိုင်ငံခြားထွက်တော့ လေဆိပ်ကနေ ကြိုလာတဲ့ ကားက ကီလိုမီတာ ၁၀၀ လောက် မောင်းပြီး ကိုင်းငါတို့ ညစာ စားကြစို့ ဆို အများသူငါ သူရိူ့ ဆီက အခြေခံ အကျဆုံး အလုပ်သမားတွေ စားနေကြတဲ့ စားသောက်ဆိုင်တန်းမှာ ဗမာလို ဆို ပုံစား ပေါ့ဗျာ။

ထမင်း ပန်းကန်လေး ခူးပေး ၊ ဟင်းက လက်ညှိုးထိုးရွေးကြတာ ကြက်သားဆို ပေါင်ကြီးတခြမ်းလုံး ၊ ဆိတ်သားဆို ထမင်းပန်းကန်လုံးဖုံး ကုန်နိုင်ဘူးကိုဗျ။ သိလာရတာ က သူတို့တွေ အသား မတရားစားကြသာကိုး … အဲ့လို ထင်တာ ။ တကယ်တော့ အရှေ့တောင်အာရှမှာ အသားငတ်နေတာ ပရိုတိန်းငတ်နေတာ အာဟာရမပြည့်ဝတာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးလောက်သာလို့ အရင်က မသိခဲ့တဲ့ ချို့တဲ့ ဗဟုသုတပါ။

အဲ့နောက် ၂၀၀၅ နောက်ပိုင်း မျိုးဆက်တွေ အသားဓာတ် အာဟာရဓာတ် ပရိုတိန်းဓာတ် ပြန်ရပကောလို့ အားရကျေနပ်ရတော့မယ့် အခြေမှာ ခုနေက ဗီဒီယိုလေးမြင်ရ ရင်ထဲ မချိချက်တော့၊ မဆိုင်တာတွေ လျှောက်ဆွဲကပ်ပြောနေတယ် လို့ ကောက်ချက်ပေးချင်ရင် ကိုးရိယ – တောင် မြောက် နှစ်နိုင်ငံက မျိုးနွယ်စုတူ လူမျိုးများရဲ့ အာဟာရဓာတ် စားသုံးမှု အရပ်အမောင်း ဉာဏ်ရည် ကျန်းမာရေး ပျမ်းမျှအသက် ရှာဖတ်ကြည့်ပါ ..တိုက်ရိုက် သက်ဆိုင်နေတာ တွေ့ပါလိမ့်မယ်။

ကျနော်တို့ ဟင်းငတ်ခဲ့ပြီးပြီ ကျနော်တို့ နောက်မျိုးဆက် ဟင်းမပါဘဲ ထမင်းချည်း ငုံ့လွေး နေရဦးမှာလား။ ကုန်ကုန်ပြောရရင် အခြေခံအကျဆုံး ထမင်းလေး စားရဖို့ မှ ခက်နေကြရဦး မှာ လား။ ဒီ စစ် ဘီ လူး တွေ ကို မ ဖြစ် မ နေ မောင်း ချ ကြ ပါ မှ ဗျာ။ ရှိသမျှ ကိုယ်အား ဉာဏ်အား ဓနအား အကုန် သွန်ထည့်ကြပါဗျာ့ ။ မဟုတ်ရင် ကြုံလှီဖျော့တော့ ငေးမော့နေရမယ့် မျိုးဆက်တွေ အတွက် ခင်ဗျားလည်း တရားခံပဲ။ (ဝင်းနိုင်ဦး)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page